ကျွန်းအနီး ချဉ်းကပ်ပျံသန်းလာသော တရုတ်ဒရုန်းယာဉ်ကို ထိုင်ဝမ်က သတိပေးပစ်ခတ်ခဲ့

ကျွန်းအနီး ချဉ်းကပ်ပျံသန်းလာသော တရုတ်ဒရုန်းယာဉ်ကို ထိုင်ဝမ်က သတိပေးပစ်ခတ်ခဲ့

August 31

ထိုင်ဝမ်ထိန်းချုပ်သော ကမ်းလွန်ကျွန်းငယ်တစ်ခုအနီး ဩဂုတ် ၃၀ ရက်က ချဉ်းကပ်ပျံသန်းခဲ့သော တရုတ်ဒရုန်းတစ်စင်းကို ထိုင်ဝမ်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ရသည်။ ဤမတိုင်မီက တရုတ်၏ ရန်စသည့် လုပ်ရပ်များကို “အခိုင်အမာ တန်ပြန်ရေး အစီအမံများ” လုပ်ဆောင်ရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေစဉ် ကာလအတွင်း ယင်းကဲ့သို့ သတိပေးပစ်ခတ်မှုများ ပေါ်ပေါက်ခြင်းက ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်ကို ၎င်းတို့အပိုင် နယ်မြေတစ်ခုအဖြစ် ရှုမြင်သော်လည်း တရုတ်၏ အချုပ်အချာအာဏာ ပြောဆိုချက်များကို ထိုင်ဝမ်က အခိုင်အမာ ငြင်းဆန်ပယ်ချသည်။

ထိုင်ဝမ်ဘက်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ဒရုန်းသည် တရုတ်ဘက်သို့ ပြန်လှည့်သွားကြောင်း ထိုင်ဝမ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

တရုတ်တို့ လုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် တရုတ်ဒရုန်းများသည် မကြာသေးခင်က အများအားဖြင့် ကင်မန်းကျွန်း အပါအဝင် ထိုင်ဝမ် ထိန်းချုပ်သော ကျွန်းများအနီး ထပ်တလဲလဲ ပျံသန်းမှုများ လုပ်ဆောင်ခြင်းအပေါ် ထိုင်ဝမ်က ဆန့်ကျင်ကန့်ကွက်ထားသည်။

တရုတ် ကန့်ကွက်သည့်ကြားမှ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ယခုလအစောပိုင်းက ထိုင်ဝမ်သို့ လာရောက်ခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ထားခဲ့သည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ မတိုင်မီက အာဒန် ကျွန်းအနီး ချဉ်းကပ်လာသော ဒရုန်းယာဉ်ကို ကျည်အစစ်ဖြင့် သတိပေးပစ်ခတ်မှုများ လုပ်ခဲ့ကြောင်း၊ ယင်းမတိုင်မီက အချက်ပြမီးကျည်ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ကင်မန်းကျွန်း ကာကွယ်ရေးကွပ်ကဲမှုဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချန်ဂျန်ရှန်းက ပြောသည်။ ထို့နောက် ဒရုန်းယာဉ်သည် တရုတ်နိုင်ငံဘက်သို့ လှည့်ကာ ပျံသန်းသွားကြောင်း ၎င်းက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး တရုတ်ဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုမှု မရှိသေးပေ။ ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒရုန်းများနှင့်ပတ်သက်ပြီး ထိုင်ဝမ်၏ စောဒကတက်ကန့်ကွက်မှုများကို ပယ်ချသွားခဲ့ပြီး ရေကြီးခွင့်ကျယ် လုပ်စရာ မည်သည့်ကိစ္စမှ မရှိကြောင်း ပြောခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly