မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးအပါအဝင် ၇ ဦးသေ အများအပြားဒဏ်ရာရ

မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးအပါအဝင် ၇ ဦးသေ အများအပြားဒဏ်ရာရ

ဩဂုတ်လ ၃၀ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးပွင့်အဆင့်ရှိ ဗ်ိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်အခြေပြု တပ်ရင်း (၁၂၂၂) တာဝန်ရှိသူထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မိုးကုတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ပြန်ဆင်းလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရန်အတွက် လောင်စင်နှင့် ဂွေးပင်ရွာကြားတွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အင်အား ၂၀ ခန့် စီးနင်းလိုက်ပါလာသည့် Starx အမျိုးအစား ကားအနီရောင်အတွင်းသို့ ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ကနဦး ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်မှုတွင် ကားပေါ်၌ လိုက်ပါလာသည့် အမှတ် (၃၃)ခြေလျင်တပ်ရင်း (ခလရ ၃၃)မှ သုံးပွင့်ဗိုလ်တစ်ဦးနှင့် ဒုရင်းမှုး (၁) တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ မနေ့က ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာရယ် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နှစ်ခုမှာ သေဆုံးခဲ့တဲ့ သုံးပွင့်တစ်ယောက်၊ တစ်ပွင့်တစ်ယောက်ကို ဒီနေ့ မီးသင်္ဂြိုဟ်တယ်၊ ရဲဘော်ငါးယောက်ကို မြေမြှုပ်တယ်၊ ခုနစ်ဦး သေဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၄ ယောက်ကို မိုးကုတ်ဆေးရုံနဲ့ ခုနစ်မိုင်ဆေးရုံကို လူနာတင်ကား ခြောက်စီးနဲ့ သုံးခေါက်ပို့တယ်လို့ သတင်းထပ်မံရရှိထားပါတယ်” ဟု တပ်ရင်း (၁၂၂၂) မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ် လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခံရပြီးနောက် အတူလိုက်ပါလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်း အင်အား ၆၀ ခန့် နှင့်လည်း ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲငယ်တစ်ခု ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ကာ တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့က မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သကဲ့သို့ စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

"စကစ(စစ်ကောင်စီ)ခြေလျင်စစ်ကြောင်း အင်အား ၆၀ခန့်နဲ့ အနီးကပ် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကြာ ဖြစ်ပွားခဲ့ပါတယ်၊ မိုင်း သုံးလုံးလည်း ဖောက်ခွဲနိုင်ခဲ့ပါတယ်၊ စကစ(စစ်ကောင်စီ) ဘက်မှလည်း လက်နက်ကြီးများနဲ့ အချက် ၂၀ မှ ၃၀ကြားပြန်လည် ပစ်ခတ်ခဲ့ပါတယ်၊ အခက်အခဲတွေကြားက မိမိတို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု Red Wolves of Mogok အဖွဲ့မှ ပြောသည်။

တိုက်ခိုက်မှုကို မိုးကုတ်အခြေပြု တပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)၊ ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော် (PLA)နှင့် ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တ်ိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအထိုင်တပ်ရှိသည့် မိုးကုတ်မြို့နယ်ဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် တောင်ကြောပေါ်သို့ ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီကို တိုက်ဖို့က လူအင်အားရော ငွေအင်အားရော တောင့်တင်းနေမှ တိုက်လို့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ မိုးကုတ်အခြေပြုတပ်ရင်း (၁၂၂၂)ကို ဝိုင်းဝန်းလှူဒါန်းပေးဖို့ တိုက်တွန်းချင်ပါတယ်။ လက်နက်ကြီးနဲ့ စန်ိုက်ပါတွေလည်း လိုအပ်နေပါတယ်။ ထောက်ပံ့မှုပဲပေးပါ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့အဆင်သင့်ရှိပါတယ်”ဟု စဉ့်ကူးကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုနွယ်နီက ပြောသည်။

စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်အတွင်းရှိ တောင်ကြောများပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားမှုများ မကြာခဏပြုလုပ်လျက်ရှိနေကာ သပိတ်ကျင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရှိနေသည့်အတွက် လုံခြုံရေး တင်းကျပ်မှုများစွာ ပြုလုပ်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မ်ိုးကုတ်အခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်က မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ ထပ်မံ ပြုလုပ်လာနိုင်သည့်အတွက် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လာန်ိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly