ဒေါ်လာဈေး ကစားသူများနှင့် တရားမဝင်ရောင်းဝယ်သူများကို အရေးယူမည်ဟု ကြေညာပြီးနောက် အမေရိကန်တစ်ဒေါ်လာ ၃,၇၀၀ကျပ် ထိစံချိန်တင်မြင့်တက်

ဒေါ်လာဈေး ကစားသူများနှင့် တရားမဝင်ရောင်းဝယ်သူများကို အရေးယူမည်ဟု ကြေညာပြီးနောက် အမေရိကန်တစ်ဒေါ်လာ ၃,၇၀၀ကျပ် ထိစံချိန်တင်မြင့်တက်

ဩဂုတ်လ ၃၀ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပ၌ ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ၃,၃၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃,၄၀၀ ကျပ် ဝန်းကျင်ဖြင့်အရောင်းအဝယ်ပြုလုပ်ရာမှ တစ်ရက်အတွင်း ၃,၇၀၀ကျပ် သို့ မြင့်တက်ခဲ့ကြောင်း ပြင်ပဒေါ်လာဈေးကွက် အရောင်းအဝယ်ပြုလုပ်သူများထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားငွေဈေးနှုန်း ဆွဲတင်သူများနှင့် အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများအား ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် စံချိန်တင်မြင့်တက်နေခြင်း ဖြစ်သည်။

"ဒေါ်လာဈေးကို တကယ်ပဲထိန်းချုပ်ချင်တယ်ဆိုရင် စာနဲ့ပဲထုတ်ပြန်ကြေညာနေရုံနဲ့ မပြီးဘူး။ စကစ(စစ်ကောင်စီ)ဘက်က တကယ်ကိုင်တွယ်တတ်ဖို့လိုတယ်။ အခု သူတို့ (စစ်ကောင်စီ) က ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ဖို့လုပ်လေ ပြင်ပမှာ ဒေါ်လာဈေး မြင့်တက်လေဖြစ်နေတယ်" ဟု ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိဒေါ်လာဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်သာဖြစ်သော်လည်း အရောင်းအဝယ်မရှိသလောက် နည်းပါးကြောင်းလည်း ၎င်းကပြောသည်။

ထို့အပြင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂,၁၀၀ ကျပ် ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။

"စစ်ကောင်စီက ဒေါ်လာဈေးကွက်ထိန်းချုပ်ပြီးနောက်ပိုင်း ပြင်ပမှာ ဒေါ်လာဝယ်တဲ့သူတွေများလာတော့ ဈေးကွက်က အဆမတန် မြင့်တက်လာတယ်။ အခုတချို့ဆိုရင် ထိုင်းဘတ်ငွေဝယ်စုတဲ့သူတွေပါ ရှိလာတယ်။ ဒီပုံစံအတိုင်းဆိုရင် ဘတ်ဈေးလည်း အဆမတန်မြင့်တက်လာမယ်" ဟု ၎င်းက ဆက်ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly