ရုရှနှင့် တရုတ်အပါအဝင် မဟာမိတ်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မည် 

ရုရှနှင့် တရုတ်အပါအဝင် မဟာမိတ်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မည် 

ဩဂုတ်လ ၃၀ ရက်

ရုရှနှင့် အနောက်အုပ်စုနိုင်ငံများကြား တင်းမာမှုများ မြင့်တက်နေချိန်၌ တရုတ်နိုင်ငံပါ ပါဝင်မည်ဖြစ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွက် ရုရှအရှေ့ပိုင်းသို့ ပြည်ပနိုင်ငံများမှ စစ်သားများ ရောက်ရှိပြီဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောသည်။ 

အနီးကပ် မဟာမိတ်များဖြစ်သည့် ဘီလာရုစ်၊ အိန္ဒိယ၊ မွန်ဂိုလီးယားနှင့် ဆီးရီးယားတို့အပါအဝင် ရုရှနှင့် မိတ်ဖက်နိုင်ငံများမှ စစ်သည်များက ထို စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ကြမည် ဖြစ်သည်။ 

ယင်း စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၁ ရက်မှ ၇ ရက်နေ့အထိ ရုရှအရှေ့ပိုင်း နေရာ ခုနစ်ခုအပြင် အိုခေါ့ဆစ်နှင့် ဂျပန်ပင်လယ်တို့တွင်ပါ ပြုလုပ်သွားမည် ဖြစ်သည်။ 

အလားတူ စစ်ရေးလေ့ကျင့်မှုများကို ၂၀၁၈ ခုနှစ်က နောက်ဆုံး ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ 

ယခု စစ်ရေးလေ့ကျင့်မှုများ၌ ပါဝင်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် အဆိုပြုထားသော်လည်း စစ်သားအင်အား မည်မျှစေလွှတ်မည်ဆိုခြင်းကို မပြောပေ။ 

ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခြင်းသည် “လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင် အခြေအနေများနှင့် သက်ဆိုင်ခြင်း မရှိ”ဟု တရုတ်က အတိအလင်း ပြောထားသည်။ 

Vostok -2022 ဟု ခေါ်သော ယခု စစ်ရေးလေ့ကျင့်မှုတွင် စစ်သားအင်အား ၅၀,၀၀၀ ကျော်နှင့် လေယာဉ် ၁၄၀ ၊ သင်္ဘော ၆၀ အပါအဝင် စစ်လက်နက်ပစ္စည်း ၅,၀၀၀ ပါဝင်မည် ဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ပါဝင်ကြမည် စစ်သားများသည် ရုရှ၏ အရှေ့ဖျားစွန်း ဒေသရှိ ဆာဂေးယက်စကီး လေ့ကျင့်ရေးအရပ်သို့ ရောက်ရှိနေပြီး “၎င်းတို့၏ စစ်အသုံးအဆောင်များနှင့် လက်နက်များကို ပြင်ဆင်လက်ခံမှုများ စတင်ပြုလုပ်နေကြောင်း” ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ပါဝင်သော နိုင်ငံအသီးသီးမှ စစ်သား မည်မျှဆီ ရောက်ရှိကြောင်းကို ရုရှက ပြောဆိုခြင်း မရှိပေ။ 

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ ရုရှက စေလွှတ်ခဲ့သည့်နောက်မှစတင်ကာ အာဖရိက၊ တောင်အမေရိကနှင့် အာရှ အထူးသဖြင့် တရုတ်အပါအဝင် နိုင်ငံများနှင့် နီးစပ်သည့် ဆက်ဆံရေးကို ရုရှက ကြိုးစားလျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly