ယူကရိန်း ခါဆွန်ဒေသတွင် တိုက်ပွဲများ ပြင်းထန် 

ယူကရိန်း ခါဆွန်ဒေသတွင် တိုက်ပွဲများ ပြင်းထန် 

ဩဂုတ်လ ၃၀ ရက်

ယူကရိန်းနိုင်ငံ တောင်ပိုင်းက ရုရှသိမ်းပိုက်ထားသော ခါဆွန်ဒေသတွင် “ဒေသတစ်ခုလုံးနီးပါး” ၌ “တိုက်ပွဲများ ပြင်းထန်”နေကြောင်း ယူကရိန်းသမ္မတရုံးက အင်္ဂါနေ့တွင် ပြောသည်။ 

စစ်ပွဲအစောပိုင်း၌ ရုရှတို့ သိမ်းပိုက်ခဲ့သော ယင်း တောင်ပိုင်းဒေသကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ယူကရိန်းတပ်များက တနင်္လာနေ့တွင် တန်ပြန်ထိုးစစ် ဆင်နွှဲရာမှ တိုက်ပွဲများ ပြင်းထန်ခြင်း ဖြစ်သည်။ 

“ခါဆွန်ဒေသမှာ နေ့ရော၊ ညရော တစ်လျှောက်လုံး အားပြင်းတဲ့ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားတယ်”ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက နံနက်ခင်း ထုတ်ပြန်ရာ၌ ပြောသည်။ 

“ခါဆွန်ဒေသတစ်ခုလုံးလိုလိုမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ်၊ ယူကရိန်းတပ်တွေက နေရာအသီးသီးမှာ ထိုးစစ်တွေ ဖွင့်နေတာပဲ”ဟု ယင်း ထုတ်ပြန်ချက်၌ ထပ်လောင်းဆိုသည်။ 

ရေရှည်စောင့်ဆိုင်းနေခဲ့သော ယခု ထိုးစစ်များသည် “ခါဆွန်ဒေသ လွတ်မြောက်ရေး အစ” ဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ပြောကြသည်။ 

ယူကရိန်း ထိုးစစ်များ၏ အတိုင်းအတာ ရောက်ရှိမှုကို အတည်မပြုနိုင်သော်လည်း ယူကရိန်းတောင်ပိုင်းတစ်လွှားက ရှေ့တန်းအရပ်များတွင် လက်နက်ကြီးပစ်ခတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောာင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထောက်လှမ်းရေးအစီရင်ခံစာ၌ မှတ်ချက်ပြုသည်။ 

“ရုရှ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် တာဝေးတိုက်ခိုက်မှုများ” ဆင်နွှဲခြင်း ဖြစ်သည်ဟု ယင်း အစီရင်ခံစာ၌ ဖြည့်စွက်ဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly