ယူကရိန်းစစ်ပွဲအတွက် စစ်သားစုဆောင်းရန် ရုရှ ရုန်းကန်နေရ 

ယူကရိန်းစစ်ပွဲအတွက် စစ်သားစုဆောင်းရန် ရုရှ ရုန်းကန်နေရ 

ဩဂုတ်လ ၃၀ ရက်

ရုရှသည် ယူကရိန်း၌ တိုက်ခိုက်ရန်အတွက် စစ်သားသစ်များ ရရှိရန် ရုန်းကန်နေရပြီး အကျဉ်းထောင်များမှ စုဆောင်းခြင်းများပင် ရှိကာ ရရှိသော စစ်သားသစ်များစွာ အသက်ကြီးသူများ၊ ကိုယ်ခန္ဓာ အချိုးမကျသူများနှင့် လေ့ကျင့်သင်ကြားမှု နည်းပါးသူများ ဖြစ်ကြကြောင်း အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့က ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် လာမည့်နှစ် ဇန်နဝါရီမှစပြီး နိုင်ငံစစ်တပ်ဦးရေကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကာ ၁ ဒသမ ၁၅ သန်း စစ်မှုထမ်း တိုးချဲ့မည့် အမိန့်ဒီဂရီတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ယင်း တာဝန်ရှိသူက မှတ်ချက်ချသည်။ 

ယူကရိန်းကို ကျူးကျော်ပြီးနောက် ခြောက်လအတွင်း၌ သိသိသာသာ တုံ့ဆိုင်းနေခြင်းနှင့် တပ်အင်အား ကြီးကြီးမားမား ဆုံးရှုံးမှုများ ကြုံတွေ့ပြီးနောက်တွင် ရုရှနိုင်ငံသည် သမိုင်းတွင် စစ်မှုထမ်း မပြည့်မီမှုနှင့် ရည်မှန်းချက်များ မပြည့်မီခြင်းများ ရှိနေ၍ အောင်မြင်မှုရရန် မဖြစ်နိုင်ကြောင်း ပင်တဂွန်က ယူဆထားသည်။ 

“ရုရှဟာ စစ်သည်အင်အား တိုးချဲ့နိုင်ဖို့ စတင်ကြိုးစားနေတယ်”ဟု အမည်မဖော်သည့် အဆိုပါ တာဝန်ရှိသူက ဂျာနယ်လစ်များအား ပြောသည်။ 

“စစ်သည်သစ် စုဆောင်းဖို့အတွက် အသက်ကန့်သတ်ချက်ကိုလည်း တိုးမြှင့်ထားသလို အကျဉ်းသားတွေကိုပါ စုဆောင်းတာတွေ ရှိနေတယ်”ဟု ယင်း တာဝန်ရှိသူက ဆိုသည်။ 

“ဒီ စုဆောင်းထားတဲ့ သူတော်တော်များများဟာလည်း အသက်ကြီးသူတွေ၊ မသင့်တော်သူတွေနဲ့ လေ့ကျင့်သား မဝသူတွေပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

မည်သို့သော စစ်သားသစ် စုဆောင်းမှုကမှ ယခုနှစ် မကုန်ခင် တိုက်ပွဲများ ထိထိရောက်ရောက် ချဲ့ထွင်နိုင်မှုကို ဖော်ဆောင်နိုင်လိမ့်ဖွယ် မရှိဟု ပင်တဂွန်က မှတ်ယူထားကြောင်း ယင်း တာဝန်ရှိသူက ဆိုသည်။ 

စစ်ပွဲမစတင်ခင်ကပင် ရုရှ၏ စစ်တပ်အင်အားသည် ၎င်းတို့ ရည်မှန်းမှတ်ဖြစ်သော ဦးရေ တစ်သန်း မပြည့်မီဘဲ တစ်သိန်းခွဲခန့် လိုနေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်ချိန်မှစတင်ကာ ယူကရိန်း၌ ရုရှစစ်သည် ခုနစ်သောင်းမှ ရှစ်သောင်းကြား ကျဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အကြီးတန်းအရာရှိ ကောလင်း ကာ့ရှ်က ဩဂုတ်လအစောပိုင်းတွင် ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly