လောင်းလုံး၌ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၂ ဦး သေဆုံးကာ အများပြား ဒဏ်ရဟုဆို

လောင်းလုံး၌ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၂ ဦး သေဆုံးကာ အများပြား ဒဏ်ရဟုဆို

ဩဂုတ်လ ၃၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဗျာကျေးရွာက မြို့အဝင် ဆိုင်းဘုတ် အနီးတွင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း သုံးစီး မိုင်ဆွဲခံရ၍ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးကာ အများပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ထားဝယ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (DDT) ၏ ထုတ်ပြန်ချက်အရ သိရသည်။

လောင်းလုံးမြို့နယ်သို့ ဦးတည်မောင်းနှင်လာသည့် အဆိုပါ စစ်ကောင်စီ ယာဉ်တန်း သုံးစီးကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (DDT) တပ်ခွဲ (၃) က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထားဝယ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (DDT) မှ တာဝန်ရှိသူက "စစ်တပ်က vigo ကားတစ်စီး ထိမှန်သွားပါတယ်၊ အဲ့ဒီနောက် လမ်းတစ်လျှောက် သေနတ်ကျည်များနဲ့ ဆက်တိုက် ရမ်းသန်းပစ်ခတ်သွားခဲ့တယ်" ဟု ပြောသည်။

၎င်း တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု လက်ရှိ ထက် ပိုများနိုင်ပြီး ယင်းနေ့ ညပိုင်းတွင် အရေးပေါ် လူနာတင်ယာဉ်များဖြင့် ထားဝယ် တပ်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ကို တွေ့ရှိကြောင်း ဒေသခံ တချို့၏ သတင်းအရင်းမြစ်များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly