PDF ဟန်ဆောင်ပြီး လှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် သတိပြုကူညီကြရန် Indaw Revolution-IR အသိပေး

PDF ဟန်ဆောင်ပြီး လှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် သတိပြုကူညီကြရန် Indaw Revolution-IR အသိပေး

ဩဂုတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်၌ PDF ဟန်ဆောင်ပြီး လှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် သတိပြုကူညီကြရန် Indaw Revolution-IR(IR team) မှ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ တွင် အသိပေးထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ် မော်လူး-နဘား-ကသာလမ်းတွင် လှုပ်ရှားမည့်စစ်ကောင်စီတပ်များသည် “ရှေ့ပြေး အဖွဲ့က PDF ဟန်ဆောင်မယ်။ နောက်က စခ(စစ်ကောင်စီတပ်)လိုက်ပစ်လို့ ပြေးတဲ့ပုံစံမျိုးနဲ့ ရွာတွေဝင် လိမ့်မယ်။ ပြီးတော့ ကူညီတဲ့သူဆို ဆွဲလိမ့်မယ်” ဟု ဖရဲသီး၏ သတင်းပေးမှုရခဲ့ကြောင်း ၎င်းအဖွဲ့က ဆို သည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်သည် နဘားရွာမှ နန်းမကျိုင်းရွာ တော အတွင်းသို့ဝင်သွားပြီး ကင်းပုန်းဝတ်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီ)တပ်ထဲမှာ PDF အင်္ကျီတွေ အရံသင့်ပါလာတယ်။ ဗန်းမောက်ဘက်က တခါတည်း ယူလာတယ်တဲ့။ ပြည်သူတွေကိုတော့ PDF ဖြစ်ဖြစ် စခဖြစ်ဖြစ်မြင်တာနဲ့ သတင်းလှမ်းပေးဖို့ရယ် နောက် ပြီး ကိုယ်နဲ့မရင်းနှီးမသိဘဲ ကျွန်တော် PDF ပါဆိုပြီး အကူညီတောင်းလာတိုင်းလည်း မကူညီကြဖို့ပြော ချင်ပါတယ်” ဟု Indaw Revolution- IR မှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် ယခုနှစ် ဧပြီလ ၂၄ရက်နေ့က ခလရ ၂၇၄ တပ်သို့ စစ်ကြောင်းထိုးဝင်ရောက်မည့်ပုံစံ လျှို့ဝှက် ညွှန်ကြားချက်ကို တပ်တွင်းဖရဲသီးမှ သတင်းပေးပို့မှုအား IR team မှ လက်ခံရရှိကြောင်းဆိုသည်။

၎င်းညွှန်ကြားချက်တွင် စစ်ကြောင်း(၁)မှ မော်လူး-နဘား- ကသာ အထိနှင့် စစ်ကြောင်း(၂)မှ ကောလင်း- ဆင်းကုန်း-ကုက္ကိုကုန်း အထိ ၎င်းစစ်ကြောင်းများသည် ရှေ့ပြေးပွိုင့်အဖြစ် PDF ဝတ်စုံဖြင့် စစ်ကြောင်း ထွက်ကာ မိမိစစ်ကြောင်းနှင့် သုံးဆယ်မိနစ်အကွာတွင် လိုက်ပါလျှက် ၎င်းတို့အားလိုက်လံရှင်းလင်းသည့် ပုံစံဖြင့် မြို့၊ရွာများတွင် ရှာဖွေခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်၍ရှင်းလင်းဆောင်ရွက်သွားရန် ပါရှိသည်။

ယခုလက်ရှိတွင် အထက်ပါညွှန်ကြားချက်အတိုင်း စတင်လှုပ်ရှားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည် ဟု IR team မှ တာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အချက်အလက်များကို ထောက် လှမ်းရာတွင် PDF ခေါင်းဆောင်များ၏ ကိုယ်ရေးအချက်အလက်အပါအဝင် လက်နက်ခဲယမ်းအင်အား၊ လူအင်အား(မှတ်တမ်းဓာတ်ပုံ၊ မြေပုံအပါ)၊ PDF အားကောင်းသည့်မြို့နယ်များရှိ ပြည်သူများနှင့် ဌာနဆိုင် ရာဝန်ထမ်းများ၏ အခြေအနေ၊ CRPH/ NUG တို့၏ထောက်ပံ့မှု နှင့် အခြားပြည်သူများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်မှုအခြေအနေများ အစရှိသည့် အကြောင်းအရာများရှိကြောင်း ပေါက်ကြားလာသည့် လျှို့ဝှက်စာ များအရသိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly