မြောက်ဦး ကင်းဆိပ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ကုလအပါအဝင် နိုင်ငံတကာသို့ ပေးပို့သွားမည်

မြောက်ဦး ကင်းဆိပ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ကုလအပါအဝင် နိုင်ငံတကာသို့ ပေးပို့သွားမည်

August 30

မဇ္စျိမ။ ။ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် စစ်ကောင်စီ၏ လုပ်ရပ်များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၉ရက်နေ့က နိုင်ငံခြားရောက် ရခိုင်အဖွဲ့အစည်းများဖြစ်သည့် အာရက္ခအမျိုးသားကွန်ရက် (ကိုရီးယား) နှင့် European Arakan Union တို့က ထုတ်ပြန်လိုက်သည်။

ကင်းဆိပ်ကျေးရွာနားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) တပ်ရင်းမှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး စုစုပေါင်း သုံဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်းဖြစ်သည်။

“ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက် အသက်မွေဝမ်းကျောင်းနေသည့် အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်သောင်းကျန်းသူ မြန်မာစစ်တပ်၏ လူမဆန်စွာ လက်လွတ်စပယ် ပစ်ခတ် သတ်ဖြတ်ခြင်းအပေါ် ပြန်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူ မြန်မာစစ်တပ်၏ ကျူးလွန်ထားသော စစ်ရာဇဝတ်မူများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပေးပို့သွားမည်ဖြစ်ပါသည်” ဟု European Arakan Union ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းကဲ့သို့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအပေါ် စစ်ရာဇဝတ်မူများ ဆက်တိုက်ကျူးလွန်နေခြင်းကို သိမြင်လျက်နှင့် မသိကျိုးကျွံပြုကာ ရေငုံနှုတ်ပိတ်နေသော ရခိုင်ပြည်သူ ပြည်သားများဖြစ်သည့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီဝန်ကြီးများကိုလည်း အာရက္ခပြည်သူ၏ သမိုင်းတရားခံများအဖြစ် သတ်မှတ်ကြောင်း အာရက္ခအမျိုးသားကွန်ရက် (ကိုရီးယား) အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရသော အာရက္ခပြည်သူများအပါအဝင် မတရားဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသော အာရက္ခပြည်သူများအပါအဝင် မတရားဖမ်းဆီးနှိပ်စက်ခြင်းကို ခံနေရသော ပြည်သူများအားလုံးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအား တရားမျှတမှုကို ရှာဖွေပေးနိုင်ရန်အတွက် တစ်ပါတည်း တောင်းဆိုလိုက်သည်”ဟုလည်း ထုတ်ပြန်ချက်က ဆိုထားသည်။

မြန်မာစစ်တပ်အမည်ခံ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများသည် ရာစုတစ်ခုနီးပါးကြာ မြန်မာပြည်အနှံ့ လက်နက်အားကိုးသောင်းကျန်းကာ အပြစ်မဲ့အရပ်သားလူထုကို နည်းမျိုးစုံဖြင့် ညှဥ်းဆဲသတ်ဖြတ်လျက်ရှိနေသည်ကို မြန်မာပြည်သူလူထုသာမက တစ်ကမ္ဘာလုံးကပါ သိရှိကြပြီးဖြစ်သည်။

အထူးသဖြင့် ၂၀၂၁ခုနှစ် ဖော်ဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး စစ်ကိုင်းတိုင်း၊ ကရင်ပြည်၊ ကချင်ပြည်နှင့် ပဲခူးတိုင်းတို့တွင် နေ့စဉ်နှင့်အမျှ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ စည်းစိမ်ဥစ္စာများကို လုယက်ခြင်း၊ အရပ်သားပြည်သူများကို မတရားဖမ်းဆီးကာ လက်လွတ်စပယ် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နေသည်မှာ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ အပြစ်မဲ့ပြည်သူပေါင်း နှစ်ထောင်ကျော်အထိ ရှိလာခဲ့ပြီးဖြစ်ပါသည်။

ယင်းအပြင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မူများကို မသိကျိုးကျွံပြုနေသော ရခိုင်ပြည်ဖွား ရခိုင်စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် ဝန်ကြီးများကို ရခိုင်ပြည်နယ်၏ သမိုင်းတရားခံများအဖြစ်မှတ်ယူကာ ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရခိုင်ပြည်နယ်

#စစ်ရာဇဝတ်မှု

#စစ်ကောင်စီ

#အာရက္ခအမျိုးသားကွန်ရက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly