ပါကစ္စတန်အစိုးရက TTP သူပုန်အဖွဲ့ ပြန်လည်ခေါင်းထောင်မှုကို ကိုင်တွယ်ရန် ပြင်ဆင်နေ

ပါကစ္စတန်အစိုးရက TTP သူပုန်အဖွဲ့ ပြန်လည်ခေါင်းထောင်မှုကို ကိုင်တွယ်ရန် ပြင်ဆင်နေ

ပါကစ္စတန်အစိုးရသည် နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာထားသည့် သူပုန်အဖွဲ့ဖြစ်သော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ ပြန်လည် ခေါင်းထောင်လာနိုင်သည့် အလားအလာကို ကိုင်တွယ်ဖြေရှင်းရန် ‘အရေးပေါ် အစီအစဉ်’ တစ်ရပ်ကို ပြင်ဆင်လျက် ရှိသည်။ 

အဆိုပါ အကြမ်းဖက်အဖွဲ့သည် တစ်ကျော့ပြန်လာရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်သည်။
 
ပါကစ္စတန်အစိုးရသည် သဘောတူညီချက် အမျိုးအစားတစ်ခုအတွက် ညှိနှိုင်းစေ့စပ်ရန် လအနည်းငယ်ကြာ TTP အဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သော်လည်း ထိုကဲ့သို့ သဘောတူညီချက်တစ်ခု ရနိုင်သည့် အလားအလာများက မှေးမှိန်လျက် ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်များက The Express Tribune ကို ဩဂုတ် ၁၁ ရက်တွင် ပြောသည်။

 TTP အဖွဲ့နှင့် ဆွေးနွေးမှုများ အောင်မြင်သွားနိုင်သည့်အပေါ် စိုးရိမ်ပူပန်ကြောင်း ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ဩဂုတ် ၁၀ ရက်တွင် ထုတ်ဖော်ခဲ့သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ‘အခြေတည်စ အဆင့်’ တစ်ခုမှာသာ ရှိသေးသည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးသံတမန် မိုဟာမက် ဆာဒစ်ကလည်း ဝန်ခံခဲ့သည်။

 ဆွက်တောင်ကြားတွင် တာလီဘန် တိုက်ခိုက်ရေးသမားအချို့ကို မြင်တွေ့နေရသည် ဆိုသည့် သတင်းများ ထွက်ပေါ်လျက် ရှိသလို   TTP အဖွဲ့နှင့် ဆွေးနွေးမှုများ ပြိုလဲသွားပါက‌ ပေါ်ပေါက်လာနိုင်သည့် စစ်သွေးကြွ ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်မည့် ‘အရေးပေါ် အစီအစဉ်’ တစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင်တို့က ပြင်ဆင်လျက် ရှိသည်။

ပါကစ္စတန်အာဏာပိုင်များသည် TTP နှင့် ဆွေးနွေးမှု အခွင့်အလမ်းများအတွက် တံခါးပိတ်ခြင်း မရှိသေးသော် လည်း   နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly