အကြမ်းဖက်စွဲချက်ဖြင့် ဖမ်းဆီးခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းက စစ်တပ်ကို ဝေဖန်

By NDTV
28 August 2022
အကြမ်းဖက်စွဲချက်ဖြင့် ဖမ်းဆီးခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းက စစ်တပ်ကို ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ ဆက်ရှိ နေခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက နိုင်ငံရှိ စစ်တပ်အဖွဲ့အစည်းကို ဩဂုတ် ၂၁ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။ PTI ပါတီအပေါ် ဖြိုခွင်းနှိမ်နင်းမှုကြောင့် ပါကစ္စတန်တွင် တင်းမာမှုများကို အရှိန်မြင့်တက်စေခဲ့ပြီး အရွယ်အစားကြီး မငြိမ်မသက်ဖြစ်မှု အန္တရာယ်ကိုလည်း မြင့်တက်စေ ခဲ့သည်။

“ပြီးခဲ့တဲ့ မေလ ၂၅ ရက်တုန်းက ရဲတွေက ကျွန်တော်တို့အပေါ် အကြမ်းဖက်နည်းလမ်း အသုံးပြုခဲ့ချိန်တုန်းက ရဲတွေကို အထက်က အမိန့်နဲ့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ အတွင်းလူတွေက ကျွန်တော့်ကို ပြန်ပြောပါတယ်။ ကြည့်ရတာတော့ ကြားနေသမားတွေက ပီတီအိုင် ပါတီဝင်တွေကို အပြင်းအထန် နှိမ်နင်းဖို့ သူတို့ (ရဲတွေ) ကို ဖိအားပေးခဲ့ပုံပါပဲ” ဟု အီမရန် ခန်းက ရာဝယ်ပင်ဒီမြို့ လီယာကွက် ဘက်ဂ် ပန်းခြံတွင် ပြုလုပ်သည့် စုဝေးပွဲ တစ်ခုတွင် ပြောခဲ့ကြောင်း Dawn သတင်းဌာနက ကိုးကားဖော်ပြသည်။

 ခန်းသည် ပါကစ္စတန် စစ်တပ်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး “ကြားနေသမားများက အမှန်တကယ်ရော ကြားနေသူများ ဖြစ်ခဲ့သလား” ဆိုပြီး မေးခွန်းထုတ်ခဲ့သေးသည်။ ခန်းက စစ်တပ်အဖွဲ့အစည်းကို သွက်ဝိုက် ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။

 PTI ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ရှာဘတ် ဂီလ် မကြာမီက ဖမ်းဆီးခံရပြီး ၎င်းကို အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့က ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ပါတီခေါင်းဆောင်များက ပြောဆိုခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်တွင် တင်းမာမှုများက ဆက်လက် အရှိန်မြင့်တက်နေခဲ့သည်။

အီမရန် ခန်း၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သည့် ဂီလ်သည် ရုပ်သံမှတစ်ဆင့် ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်သော အငြင်းပွားဖွယ် မှတ်ချက်စကားများ ပြောဆိုခဲ့ပြီးနောက် ဩဂုတ် ၉ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဂီလ်၏ မှတ်ချက်စကားများက “အလွန်အမင်း အမုန်းတရားဖြစ်စေပြီး နိုင်ငံတော်အား အကြည်ညိုပျက်စေသည်” ဟု မီဒီယာအသိုင်းအဝိုင်းက ယူဆခဲ့သည်။

သူ၏လက်ထောက်ဖြစ်သူ ရှာဘတ်ဇ် ဂီလ် ညှဉ်းပန်းနှိပ်စက်ခံရမှုအတွက် အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့တွင် အဓိက တာဝန်မရှိခဲ့ကြောင်း  အီမရန် ခန်းက ပြောသည်။ “သူတို့တွေက မင်းတို့ကိုပဲ လက်ညှိုးထိုးတာပါ။ ပါကစ္စတန်မှာ မမှန်ကန်တဲ့ ဘာကိစ္စပဲဖြစ်ဖြစ် မင်းတို့ကိုပဲ အပြစ်ဖို့ပါလိမ့်မယ်” ဟု PTI အကြီးအကဲက ပြောကြောင်း Dawn က ကိုးကားဖော်ပြသည်။

အာဏာပိုင်များကိုလည်း “သူတို့က ကြားနေသူများ ဟုတ်၊ မဟုတ်” ဆိုသည်ကို မေးမြန်းလိုသည်ဟု အီမရန် ခန်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်က အီမရန်ခန်းသည် ဖက်ဒရယ်မြို့တော်၏ တွဲဖက်တရားသူကြီးတစ်ဦးအား ခြိမ်းခြောက်သည်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအောက်တွင် အမှုဖွင့်ခံခဲ့ရသည်ဖြစ်ရာ လက်ရှိ နိုင်ငံ၏ ညွန့်ပေါင်းအစိုးရနှင့် ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူများအကြား သဘောကွဲလွဲမှုက မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required