ဘိုကလေးမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက ပြည်သူများကိုဖမ်းဆီးပြီး ကျပ် ၅ သိန်းမှ သိန်း ၂၀ အထိ တောင်းယူနေ

ဘိုကလေးမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက ပြည်သူများကိုဖမ်းဆီးပြီး ကျပ် ၅ သိန်းမှ သိန်း ၂၀ အထိ တောင်းယူနေ

ဩဂုတ်လ ၂၉ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက ဒေသခံပြည်သူများကို အကြောင်းမဲ့လိုက်လံဖမ်းဆီးပြီး ငွေကြေးမရားတောင်းယူပြီးမှ ပြန်လွတ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုကလေးမြို့ ကမ်းနားလမ်း အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် ဦးနွေကျော်၏ ပြည်ကျော်ရွှေဆိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးပစ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ကျော်ရွှေဆိုင် ဗုံးပစ်ခံရပြီးတော့ ဘိုကလေးစခန်းမှူးဦးဆောင်ပြီး လိုက်ဖမ်းနေတာ အယောက် ၂၀ လောက်ရှိပြီ။ အကုန်လုံးကို PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာပါ။ ဘယ်သူငွေပေးနိုင်သလဲဆိုတာကို သေချာချာစုံစမ်းပြီးမှ ဖမ်းတဲ့ပုံစံဗျ။ အဖမ်းခံရတာ ပိုက်ဆံရှိတဲ့သူတွေများတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ဘိုကလေးမြို့ပေါ်တွင် ငွေကြေးအဆင်ပြေသူများအား လိုက်လံစုံစမ်းပြီးမှသာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောသည်။

ဘိုကလေးမြို့နယ် စခန်းမှူးညွှန့်လှိုင်ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခံရသူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းမှ သိန်း ၂၀ အထိတောင်းယူပြီးမှသာ ပြန်လွှတ်ပေးနေသည်ဟု ဒေသခံကဆိုသည်။

ဘိုကလေးမြို့နယ်စခန်းမှူး၏ မတရားဖမ်းဆီးငွေကြေးတောင်းယူနေသည့် လုပ်ရပ်များကို ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ကသိရှိသော်လည်း အရေးယူခြင်းမပြုသည့်အတွက် ဒေသခံများ အကူအညီမဲ့နေသည် ဟုဆိုသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly