“နှစ်ကိုယ်တူချစ်သမျှ” “ချစ်သူနဲ့သာဆိုပါရင်” စသည့်တေးသီချင်းများရေးစပ်ခဲ့သူ မြို့မကိုပေါ ကွယ်လွန်

“နှစ်ကိုယ်တူချစ်သမျှ” “ချစ်သူနဲ့သာဆိုပါရင်” စသည့်တေးသီချင်းများရေးစပ်ခဲ့သူ မြို့မကိုပေါ ကွယ်လွန်

ဩဂုတ် ၂၉

မဇ္ဈိမ ။ ။ “နှစ်ကိုယ်တူချစ်သမျှ”၊ “ချစ်သူနဲ့သာဆိုပါရင်” အစရှိသည့် နာမည်ကြီးတေးသီချင်းများရေးစပ်ခဲ့သည့် ဂန္ထဝင်တေးရေးဆရာ မြို့မ ကိုပေါ၊ အသက် (၉၆) နှစ်သည် ဩဂုတ် ၂၈ရက်၊ ည ၁၂ နာရီတွင် မန္တလေးမြို့၊ ပုလင်းဝင်းရပ်ကွက်နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

မြို့မကိုပေါကို ၁၉၂၇ ခုနှစ် တွင် အဖဦးပေါ်၊ အမိဒေါ်လှတို့မှ မန္တလေး၊ ဓားတန်းရပ်တွင် မွေးဖွားခဲ့သည်။

အမည်ရင်း ဦးကျော်စိုးဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ် ဂီတလောကထဲသို့ စတင်ဝင်ရာက်ရှိခဲ့သည်။

သီချင်းများကို ၁၉၄၉ ခုနှစ်တွင် စတင်ရေးခဲ့ပြီး ချစ်အာရုံ၊ နှစ်ကိုယ်တူချစ်သမျှ၊ ပန်းမျိုးတစ်ရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦး၊ မခွဲတမ်းကြင်မယ်၊ တူးပို့ စသည့် မြန်မာသံစဉ်သီချင်းများမှာ ယနေ့တိုင် ထင်ရှားနေဆဲဖြစ်သည်။

ထို့အပြင် ၁၉၈၅ ခုနှစ်၌ ရုံတင်ပြသခဲ့သည့် သင်္ကြန်မိုးဇာတ်ကားတွင် တာဝန်ခံဂီတမှူးအနေဖြင့် ဆောင်ရွက်ခဲ့သကဲ့သို့ ၎င်းရေးသားသည့် “နှစ်ကိုယ်တူချစ်သမျှ” သီချင်းနှင့် ၁၉၉၁ နှစ်တွင် ရုံတင်ပြသခဲ့သော ဒဏ္ဍာရီဇာတ်ကားတွင်လည်း “အောင်စေမင်္ဂလာ” သီချင်းသည်လည်း ထင်ရှားလူကြိုက်များခဲ့သည်။

မြို့မကိုပေါသည် မန္တလေးရုပ်ရှင်တွင်လည်း ကင်မရာဆရာအဖြစ် လုပ်ကိုင်ခဲ့သေးပြီး ၁၉၆၁ ခုနှစ်အတွက် “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကားဖြင့် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုအကယ်ဒမီကို ဦးလူကလေးနှင့်အတူ ပူးတွဲရရှိခဲ့သည်။

မြို့မတူရိယာအသင်းကြီးအကြောင်းနှင့် ၎င်းတွေ့ကြုံခဲ့ရသည့် အကြောင်းများကို တင်ပြထားသည့် " အတိတ်လမ်းသို့ အလွမ်းပြေ" စာအုပ်ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ရေးသား ထုတ်ဝေခဲ့သေးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မြို့မကိုပေါ

#ကွယ်လွန်

#နှစ်ကိုယ်တူချစ်သမျှ

#ချစ်သူနဲ့သာဆိုပါရင်

#မြို့မတူရိယာဝိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required