ကနီမြို့နယ် သရက်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
29 August 2022
ကနီမြို့နယ် သရက်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီး

ဩဂုတ် ၂၉

မဇ္ဈိမ။ ။ စစ်ကောင်စီတပ်သည် ယနေ့ သြဂုတ်လ ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ကနီမြို့ အရှေ့တောင်ဘက် ၁၀ မိုင် ခန့်အကွာရှိ သရက်ပင် ကျေးရွာကို မီးရှို့ဖျက်ဆီးမူများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် အိမ်ခြေ ၃၀၀ ခန့် ရှိသည့် သရက်ပင် ကျေးရွာတွင် တစ်ညအိပ် နေထိုင်တပ်စွဲပြီးနောက် ပြန်အထွက်တွင် ယခုကဲ့သို့ ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျွန်တော်တို့က နှစ်ရက်ရှိပြီ၊ စစ်ရှောင်နေရတာ။ ရွာကိုတော့ ဒီကနေ့ နံနက် မှာ မီးရှို့သွားတယ်၊ အိမ်ခြေ ပျက်စီးဆုံးရှုံးမှုကိုတော့ အတိအကျ မသိရသေးပါဘူး " ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည် ။

သရက်ပင်ကျေးရွာတွင် တစ်ညအိပ် နေထိုင်တပ်စွဲသွားသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ဝါးတန်းအရှေ့ရွာဘက်ကို ဦးတည်၍ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် သရက်ပင် ၊ ဝါးတန်း ၊ မင်းအို ၊ အိုင်တောင် ၊ မင်းမ ၊ ချိုင် နှင့် သမင်ခြံ ကျေးရွာများမှ လူဦးရေ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကနီမြို့နယ်

#သရက်ပင်ကျေးရွာ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly