ကျွန်းလှတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများအား မှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာ

ကျွန်းလှတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများအား မှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာ

မန္တလေး(မဇ္စျိမ)။ ။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် ဖြစ်ပွါးသော တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များလက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့၀င် အလောင်းများနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဩဂုတ်လ ၂၈ရက်တွင် မှတ်တမ်းဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။

“23-8-2022 ရက်နေ့၊ မနက် ၉ နာရီခွဲခန့်၊ ကန့်ဘလူ-ကျွန်းလှ-ကောလင်း သုံးမြို့နယ်အစပ်ရှိ အောင်ချမ်းသာရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲမှ စခ(စစ်ကောင်စီတပ်သား)များသေဆုံးနေတဲ့ပုံနှင့်သိမ်းဆည်းရမိတဲ့လက်နက်ပုံတွေပါ။ လိုင်းအခက်အခဲကြောင့် စောင့်နေတာ ကြာသွားတယ်။ ဒါတောင် ပုဇင်းလာလို့ အကုန်မရိုက်ခဲ့ရဘူးနော်။ ဘယ်ဟာက မိဿလင်လည်း ဂျင်း(ချင်း)လည်းဆိုတာ မြင်နိုင်ကြပါစေဗျာ” ဟု ၎င်းအဖွဲ့က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ၊အောင်ချမ်းသာကျေးရွာအနီးတွင်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကျွန်းလှမြို့နယ် ညောင်ကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးပြန်လာသော အင်အား၆၀ကျော်ပါ၀င်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေါင်းနီ(ကောလင်း ပကဖ)အဖွဲ့၊ နဂါးနီ(ကောလင်း ပကဖ)အဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း(၁)၊ (၂)နှင့် ကန့်ဘလူမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးနာရီကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံးပွင့်အဆင့်ဗိုလ်ကြီးနှစ်ဦးနှင့် တစ်ပွင့်အဆင့်ဒုဗိုလ်တစ်ဦးတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်အမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၂) ကလည်း သတင်းထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများသည် MA-1 သေနတ်ခုနစ်လက်၊ MA-2 သေနတ်နှစ်လက်၊ MA-3 သေနတ်ခုနစ်လက်၊ MA-4 သေနတ်တစ်လက်၊ ၆၀(မမ) ပြောင်းတိုနှစ်လက်၊ RPG တစ်လက်နှင့်ကျည်နှစ်လုံး၊ MA ကျည်ဘောက် ၅၅ ခု၊ ၆၀(မမ)ကျည် ၁၈ လုံး၊ 5.56 ကျည် ၁၈၆၇ တောင့်၊ ၄၀(မမ)ကျည်ခြောက်လုံး၊ အီနာဂါဗုံးသီး လေးလုံး၊ ဦးထုပ်ခြောက်လုံး၊ နင်းမိုင်းငါးလုံး၊ Icon(စကားပြောစက်)ငါးလုံး၊ လက်လုပ်တူမီးတစ်လက်၊ လက်လုပ်တစ်ထောင့်ထိုးသေနတ်တစ်လက်၊ မီးကျည်နှစ်တောင့်၊Jumper တစ်ခု၊ မှတ်ပုံတင်နှစ်ခု၊ ၈၄(မမ) ပြောင်းတစ်လက်နှင့် ဆက်စပ်ပစ္စည်းနှစ်ခု၊ MA Pistol တစ်လက်နှင့်ကျည်အိမ်နှစ်ခုတို့ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required