ဗီယက်နမ်၏ တောင်းဆိုချက်အရ ကမ္ဘာ့မိုးလေဝသအဖွဲ့က တရုတ်၏ ရေပိုင်နက် ၉ နေရာ သတ်မှတ်ချက်ကို  မြေပုံပေါ်မှ  ဖယ်ရှား

By VN Express
27 August 2022
ဗီယက်နမ်၏ တောင်းဆိုချက်အရ ကမ္ဘာ့မိုးလေဝသအဖွဲ့က တရုတ်၏ ရေပိုင်နက် ၉ နေရာ သတ်မှတ်ချက်ကို  မြေပုံပေါ်မှ  ဖယ်ရှား

တရုတ်က  တစ်ဖက်သတ် သတ်မှတ်ထားသော  ရေပိုင်နက် သတ်မှတ်ချက် ၉ နေရာ (Nine-dash line)  ကို ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည့် အပူလှိုင်းပြမြေပုံပေါ်မှ ဖယ်ရှားလိုက်သည်။

တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အပူလှိုင်းများအကြောင်းကို WMO က  ဩဂုတ် ၂၃ ရက်တွင် ပို့စ်တင်ခဲ့ပြီးနောက်  ၅ ရက်မြောက်တွင် ပြန်လည်ပြင်ဆင်တည်းဖြတ်ခဲ့သည်။ 

တည်းဖြတ်ပြင်ဆင်ထားသော မြေပုံတွင် Nine-dash line မပါတော့ဘဲ တရုတ်ပြည်မကြီးပုံကိုသာပြထားသည်။ 

အဆိုပါ နယ်မြေသတ်မှတ်ချက်ကို ဖယ်ရှားခြင်းဖြင့် အရှေ့ပင်လယ်ရှိ ၎င်း၏အချုပ်အခြာကိုလေးစားရန် ဗီယက်နမ်က ကမ္ဘာ့မိုးလေဝသအဖွဲ့အား ဩဂုတ် ၂၅ ရက်က တောင်းဆိုခဲ့သည်။

“ဗီယက်နမ်ဟာ ၁၉၈၂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအရ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ဆန့်ကျင်တဲ့ တခြားပင်လယ်ရေကြောင်းဆိုင်ရာထုတ်ပြန်ချက်တွေနဲ့ Nine-dash lineတို့ကို အကြိမ်ကြိမ်အခါခါ ပယ်ချခဲ့ပါတယ်။

“နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဗီယက်နမ်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ မသင့်တော်မအပ်စပ်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားရပါမယ်” ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လျဲ့သီသူ က ဆိုသည်။ 

ကုလသမဂ္ဂမှ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ဂျီနီဗာရှိ အခြားအဖွဲ့အစည်းများသည် အဆိုပါကိစ္စကို WMO နှင့် ဆွေးနွေးခဲ့ကြောင်း လျဲ့သီသူက ပြောသည်။

ဗီယက်နမ်တွင် အရှေ့ပင်လယ်ဟုခေါ်သော တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်အများအပြားကို တရုတ်က တရားမဝင် တောင်းဆိုရာတွင် အသုံးချသည့် အဆိုပါ Nine-dash line မျဉ်းပါသော တရုတ်နိုင်ငံအပူလှိုင်းပြမြေပုံကို WMO က ဩဂုတ် ၂၃ ရက်က ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်လူမျိုး Facebook သုံးစွဲသူအများအပြားက အဆိုပါပို့စ်တွင် မှတ်ချက်များရေးသားကာ ဗီယက်နမ်ကို လေးစားရန်နှင့် မြေပုံကို ဖြုတ်ချပေးရန် WMOအားတောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required