ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းစွန့်ခွာသွား၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ပြည်သူများအား CDF – Daai သတိပေး

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းစွန့်ခွာသွား၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ပြည်သူများအား CDF – Daai သတိပေး

ဩဂုတ်လ ၂၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ သံထောင်ဗျူဟာတပ်စခန်းအား စစ်ကောင်စီတပ်များမှ စွန့်ခွာသွားပြီး ၎င်းတို့နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် အနီးနားရှိ ကျေးရွာများမှ ပြည်သူများ လုံခြုံသည့်နေရာသို့ အမြန်ရှောင်တိမ်းကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF – Daai မှ ဩဂုတ်လ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

“ အဲဒီတပ်က ဘယ်ဖက်ကို သွားနေလည်းဆိုတာ မသိရသေးဘူး ၊ အဲဒီ အနီးနားမှာ ကျနော်တို့ တပ်တွေလည်းရှိတဲ့အခါကျတော့ အချိန်မရွေးတိုက်ပွဲ ဖြစ်သွားနိုင်တယ်၊ အင်အားနည်းသွားလို့ ဆုတ်ခွာသွားတာဖြစ်နိုင်သလို ရခိုင်ဘက်က တပ်တွေနဲ့လည်း သွားပေါင်းတာဖြစ်နိုင်တယ်၊ လောလောဆယ် ကျနော်တို့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေပါတယ်” ဟု CDF – Daai ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတောင်မင်း က မဇ္စျိမ ကို ပြောသည်။

အဆိုပါစွန့်ခွာသွားသည့်စခန်းအား နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပြီး ကနဦး အနေဖြင့် စစ်ကောင်စီတပ်များ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းနေရကြောင်း ဆိုသည်။

CDF -Daai ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ အသင့်စုဆောင်းထားကြရန်နှင့် ဩဂုတ်လ ၂၆ရက် ညနေ ၄နာရီမှ စတင်ပြီး နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားသည်။

ဩဂုတ်လ၂၅ရက် ညပိုင်းတွင် စွန့်ခွာသွားသော တပ်စခန်း၌ အင်အား ၁၀၀ခန့်ရှိပြီး ၎င်းတပ်စခန်းမှ အခြားနေရာများသို့ ထွက်ပြေးသူများရှိခဲ့ပြီး CDF – Daai သို့ သုံးဦး CDM ဝင်ရောက်ခဲ့ကြောင်း အင်အားနည်းပါးလာနေကြောင်း သိရသည်။

၎င်းအပြင် ရခိုင်ပြည်နယ်ဖက်မှ စားနပ်ရိက္ခာဖြတ်တောက်မှုအပြင် CDF -Daai မှ ဝိုင်းရံပိတ်ဆို့ထားပြီး ဖိအားပေးမှုများနှင့် စစ်ကူလာနိုင်ရန်အခက်အခဲများကြောင့် ယခုကဲ့သို့ စခန်းအားစွန့်ခွာသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်းရှိ သံထောင်တပ်စခန်းသည် ရခိုင်ပြည်နယ် မြောက်ဦး ၊ မင်းပြားမြို့များနှင့် ဆက်သွယ်ရေးတွင် အရေးပါပြီး စစ်ရေးအရ အချက်အချာကျသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly