ရေလယ်ကျွန်းဒေသ တိုက်ပွဲအခြေအနေ

ရေလယ်ကျွန်းဒေသ တိုက်ပွဲအခြေအနေ

ဩဂုတ်လ ၂၇ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ၊ မင်းရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျူစောထီးများ ပူးပေါင်းအဖွဲ့နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။

အင်အား ၁၀၀ ခန့်ရှိသည့် ထိုစစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ ဧရာတီမြစ်ကြောင်းမှတဆင့် ချီတက်လာပြီး မင်းရွာတွင်အထိုင်ချနေကြခြင်း ဖြစ်သည်။

ထို့ပြင် မင်းရွာ အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။

“မင်းရွာမှာက မျိုးဝင်းခိုင်ဆိိုတဲ့ ပျူအကြီးစားရှိတယ် အဲ့ဒီကောင်က ခွေးတွေ(စစ်ကောင်စီတပ်သားများ)ကိုခေါ်ပြီး ဟိုရွာသွားမီးရှို့လိုက် ၊ သူ့ရွာပြန်လိုက်၊ ဒီရွာသွားမီးရှို့လိုက် ၊ သူ့ရွာပြန်လိုက်ပေါ့ အဲ့လိုမျိုးလုပ်တာ” ဟု ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ပြုမူပုံကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) မှ ပြန်ကြားရေးတာဝန်ခံ ကိုအာကာက ပြောသည်။

ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဩဂုတ်လ ၁၅ ရက်တွင် စစ်ကြောင်းထွက်ပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ရာ ငတရော်ရွာမှ အိမ်ခြေ ၄၀၀ ကျော်၊ လှေခုတ်ရွာမှ အိမ်ခြေ ၂၀၀နီးပါးနှင့် ရေယှား၊ ဆင်တဲ၊ ပေါက်တောကျေးရွာမှ နေအိမ်များပါဝင်သည်။

ထိုသို့မီးရှို့ပြီး ၎င်းတို့တပ်စွဲရာ ဧရာဝတီမြစ်အနီးရှိ မင်းရွာတွင် ပြန်အထိုင်ချသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

သြဂုတ်လ ၂၄ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ၂၉ ဖွဲ့မှ မိနစ် ၂၀ ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးပုံကို "စခ(စစ်ကောင်စီတပ်သား)၊ပခ (ပျူစောထီး)များဘက်မှ စစ်ကြောင်းမှူး အရာရှိတစ်ဦးအပါအဝင် အကောင် (စကစတပ်သားနှင့်ပျူးစောထီးများ) ၂၁ကောင် ခန့် ဒေဝဒတ်ဆီသို့ အပြီးအပိုင်ပို့ဆောင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ စခ၊ ပခ ၁၂ ကောင်ခန့်ရှိသည်ဟု အတွင်းသတင်းအရ သိရှိရကြောင်း"သြဂုတ်လ (၂၆) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထိုသို့ကျဆုံးသည့် အချက်အလက်များသည် ရန်သူမည်မျှသေကြောင်း ၊အတိအကျသိရှိရန်ခက်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုအာကာကပြောသည်။ ၎င်းအနေဖြင့်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ထိုတိုက်ပွဲတွင် စစ်ကိုင်းခရိုင်တပ်ရင်း - (၄)(MSPDF)မှ ရဲဘော်နှစ်ဦး ၊ မြင်းခြံခရိုင် တပ်ရင်း - (၃) (မြေလတ် PDFT)မှ ရဲဘော် သုံးဦး ထိုခိုက်ဒဏ်ရာရရှိခဲ့သည်။

ရေလယ်ကျွန်းဒေသသည် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ် ကြားတွင်တည်ရှိပြီး စစ်ကောင်စီတပ်အထိုင်ချရာ မင်းရွာသည် ဧရာဝတီမြစ်နှင့်ကပ်လျက်ရှိကာ မြင်းခြံနှင့် ရေစကြိုနယ်စပ်တွင် ရှိသည်။

ထိုသို့တပ်စွဲသည့် စစ်ကောင်စီတပ်သားများသည် မြင်းခြံဘက် တပ်မ (၉၉)ဟုသိရပြီး ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ရေလယ်ကျွန်းဒေသ မင်းရွာတွင် အထိုင်ချနေခြင်း ဖြစ်သည်။

မင်းရွာနှင့်တစ်မိုင်ခန့်အကွာ အနောက်မြောက်ရှိ ငတရော်ရွာတွင် အိမ်ခြေ ၄၀၀ ခန့်မီးရှို့ခံထားသည်။

မင်းရွာတွင် အထိုင်ချထားသည့် ထိုစစ်ကောင်စီနှင့်ပျူစောထီးများသည် အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်းရှိပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် ရေယှားရွာမှ အမျိုးသမီးပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်စွဲရာ မင်းရွာအပါအဝင် ပေါက်တော၊ ငတရော်၊ ရေယှား၊ နေယင်း၊ ကျွန်းညို၊ နတ်ပေး၊ ခြံရာရွာ၊ နွယ်နီရွာမှ ဒေသခံ ဦးရေ ၅,၀၀၀ နီးပါး နေရပ်မှ တိမ်းရှောင်နေကြရသည်။

“တစ်နေရာတည်းမှာ စုပြီးတော့ နေလို့မရဘူး ။ သုံးလေးငါးရာ နေရာလေးတွေ ဖြန့်ဖြန့်ပြီးတော့ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းလေးတွေမှာ ဖြစ်ဖြစ် ချက်ပြုတ်ကျွေးမွေးရတယ်” ဟု နေရပ်စွန့်ခွါ စစ်ဘေးရှောင်ရသူများ၏ အခြေအနေကို ဒေသခံတစ်ဦးက ပြောပြသည်။

ထိုစစ်ရှောင်များအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်များ ၊မိုးတွင်းကာလဖြစ်သည့်အတွက် နေထိုင်စရာအဆောက်အဦများ လိုအပ်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ရှိနေသည့် မင်းရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပကဖ)အပါအဝင် အဖွဲ့ ၂၉ ဖွဲ့ကပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly