မောင်တောမြိုနယ် ခမောင်းဆိပ်ဗျူဟာကုန်းအနီး စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲပြင်းထန်နေ

မောင်တောမြိုနယ် ခမောင်းဆိပ်ဗျူဟာကုန်းအနီး စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲပြင်းထန်နေ

ဩဂုတ်လ ၂၇ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီခမောင်းဆိပ် ဗျူဟာကုန်းအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်မှ ၁၀ နာရီကျော် အချိန်ထိ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားနေသည်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို အဆက်မပြတ်ကြားနေရသည်ဟု အနီးအနားဝန်းကျင်မှ အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ အခုလည်း ဆက်ပြီးတော့ ဖြစ်နေတုန်းပါ။ မနေ့က ဖြစ်တဲ့နေရာမှာပါ။ လက်နက်ငယ်သံရော၊ လက်နက်ကြီးသံရော ကြားရပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကဆိုသည်။

မောင်တောဒေသတွင်း စစ်ရေးအရအရေးပါသော စစ်ကောင်စီ၏ခမောင်းဆိပ်ဗျူဟာကုန်းကို AA က ယမန်နေ့ ဩဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် နှစ်ဖက်တိုက်ပွဲသည် ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက် ပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် ခမောင်းဆိပ်ကျေးရွာက ဒေသခံ ဦးရေ ၅၀၀ ဝန်းကျင်ခန့် ဘေးလွတ်ရာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲများဖြင့် ကြုံနေကြရကြောင်း ထွက်ပြေးတိမ်းရှောင်လာသော ခမောင်းဆိပ် ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“ အခက်အခဲတွေကတော့ များစွာရှိပါတယ်။ ကျွန်တော်တို့မှာ အဝတ်အစားတွေလည်း မပါပါဘူး။ ဒီအတိုင်းပဲ ထွက်ပြေးလာရတာဆိုတော့ စားသောက်ရေးနဲ့ အဝတ်အစားကအစ အခက်အခဲတွေ ရှိပါတယ်” ဟု ခမောင်းဆိပ် စစ်ရှောင်တစ်ဦးကပြောသည်။

လက်ရှိ AA မှ ဝင်ရောက်တိုက်ခိုက်နေသော ခမောင်းဆိပ်ဗျူဟာကုန်းသည် မောင်တောမြို့ပေါ်နှင့် မိုင် ၄၀ ခန့် ဝေးကွာပြီး ခမောင်းဆိပ်ကျေးရွာ၏ မြောက်ဘက်ရှိ မလှမ်းမကမ်း တောင်ကုန်းပေါ်တွင် တည်ရှိသည်။

အဆိုပါ ပြင်းထန်နေသော ခမောင်းဆိပ်တိုက်ပွဲကြောင့် မောင်တော်မြို့ပေါ်တွင်လည်း တိတ်ဆိတ်ငြိမ်သက်နေကြောင်း မောင်တောမြို့ပေါ်ဒေသခံတစ်ဦးက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ကာစစ်ရေးတင်းမာနေသည်။

ထို့အပြင် တောင်ကုတ်မြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေကာ စစ်ဖြစ် ဧရိယာ ပိုမို ကျယ်ပြန့်လာသည်ကိုလည်း တွေ့ရကြောင်း စစ်ရေးလေ့လာသုံးသပ်သူများကဆိုထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြစ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly