သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းဖြင့် ပါကစ္စတန်စစ်တပ်အကြီးအကဲ အမှားလုပ်ခဲ့

သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းဖြင့် ပါကစ္စတန်စစ်တပ်အကြီးအကဲ အမှားလုပ်ခဲ့

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာထားသည့် သူပုန်အဖွဲ့ဖြစ်သော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိအားပေးတိုက်တွန်းခဲ့ခြင်းက အမှားတစ်ခု ဖြစ်ခဲ့ကြောင်းကို ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျာဗက် ဘာဂျ်ဝါ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

TTP အဖွဲ့ကို အကြံပေးခဲ့သည့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီ သုတ်သင်ခံရမှုက ပါကစ္စတန်အစိုးရနှင့် TTP အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများက အောင်မြင်မည့် အနာဂတ် မရှိ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့သည်။

အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဇာဝါဟီရီသည် TTP နှင့် အဆက်အသွယ် ရှိခဲ့သူဖြစ်ပြီး ၎င်းသည် ရံဖန်ရံခါဆိုသလို TTP အကြီးတန်းခေါင်းဆောင် အိုမာ ခါလစ် ခိုရာဆာနီကို အကြံဉာဏ်များ ပေးခဲ့သည်။ ယင်းအတွက်ကြောင့် ပါကစ္စတန်တွင် လှုပ်ရှားနေသော အစ္စလမ္မစ် လက်နက်ကိုင် စစ်သွေးကြွအုပ်စုဖြစ်သည့် TTP အနေဖြင့် ဇာဝါဟီရီ ရှိရာနေရာကို သိနေလိမ့်မည်ဟု မှတ်ချက်ပြုရမည်ပင် ဖြစ်သည်။

ပါကစ္စတန် တာလီဘန်ဟု သိကြသည့် TTP အဖွဲ့နှင့် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ခြင်းက ပါကစ္စတန်စစ်တပ်၏ ဒုဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ဟာမိဒ် ပက်ရှာဝါမှ ဘဟာဝယ်ပူရ်သို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် အကြောင်းရင်းများ အနက် တစ်ခု အဖြစ် ရှိနေသည်။ အဆိုပါ တာဝန်နေရာအပြောင်းအရွှေ့ လုပ်ဆောင်ခြင်းအားဖြင့် ပါကစ္စတန် စစ်တပ်အနေဖြင့် TTP အဖွဲ့ကို အပစ်ရပ်စဲမှုတစ်ခုအတွက် အောင်မြင်စွာ စည်းရုံးနိုင်ခြင်း မရှိခဲ့သည့် အခြေအနေကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

ဗိုလ်ချုပ်ကြီး ဟာမိဒ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက အမေရိကန်တပ်ဖွဲ့များကို အာဖဂန်မှ ပြန်လည် ထွက်ခွာ စေရာတွင် တာလီဘန်တို့ကို ကူညီပေးထားခဲ့သည်ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုထားခဲ့သည်ဟု သိရသည်။ ထို့ပြင် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ၎င်းရာထူးမှ
ဖြုတ်ချခံရစေရန် အမေရိကန် လျှို့ဝှက် ပူးပေါင်း ကြံစည်ခဲ့သည် ဆိုသည့် ပြောဆိုချက်များကိုလည်း ဟာမိဒ်က ထောက်ခံအားပေးခဲ့သည်ဆိုပြီး အမေရိကန် ဘက်က သံသယရှိနေသည်။

လက်ရှိကာလတွင် ပါကစ္စတန်အနေဖြင့် စီးပွားရေး ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရစဉ် စစ်တပ်အကြီးအကဲ ဘာဂျ်ဝါသည် ပါကစ္စတန်အပေါ် အမေရိကန်ဘက်က အမြင်ကြည်စေရေးကို ဆန္ဒရှိနေသည်။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်နိုင်စေရန် ကူညီပေးခဲ့သည် ဆိုသော်လည်း ယခုအခါ ပါကစ္စတန်နှင့် တာလီဘန်တို့သည် နှစ်ဖက်အကြား အကြီးအကျယ် သဘောကွဲလွဲမှုများ ရှိနေသလို နှစ်နိုင်ငံ နယ်ခြားမျဉ်းတစ်လျှောက် သွေးထွက်သံယို ထိတွေ့ပစ်ခတ်မှုများ ဖြစ်နိုင်သည့် ခြိမ်းခြောက်မှုကလည်း ကြီးလာနေသည်ဟု ပြည်ပတွင် နေထိုင်သည့် အာဖဂန်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required