အားလုံးပါဝင်သော နိုင်ငံရေးစနစ် ထူထောင်ရန် တာလီဘန်တို့ ပျက်ကွက်ခဲ့ဟု အီးယူ ပြစ်တင်

အားလုံးပါဝင်သော နိုင်ငံရေးစနစ် ထူထောင်ရန် တာလီဘန်တို့ ပျက်ကွက်ခဲ့ဟု အီးယူ ပြစ်တင်

အာဖဂန်နစ္စတန်နိုင်ငံကို ပြီးခဲ့သည့် တစ်နှစ်အကြာက ထိန်းချုပ်ခဲ့ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့သည့် တာလီဘန်တို့သည် အဆိုပါနိုင်ငံတွင် “အားလုံးပါဝင်ပြီး ပြည့်စုံသော နိုင်ငံရေးစနစ်” တစ်ခုကို ထူထောင်ရန် ပျက်ကွက်ခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဥရောပသမဂ္ဂ (အီးယူ) ၏ ပြင်ပဆက်ဆံရေးဌာန (EEAS) က ဩဂုတ် ၁၄ ရက်တွင် ပြောသည်။

“ပြီးခဲ့တဲ့ နှစ်က တာလီဘန်တွေဟာ ဆယ်စုနှစ်များစွာကြာမြင့်နေတဲ့ အာဖဂန်ပဋိပက္ခအတွက် ပြေလည်စေဖို့ ညှိနှိုင်းဆွေးနွေးမယ်ဆိုပြီး အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကတိတွေ ပေးခဲ့ပေမယ့် အဲဒီ ကတိတွေကို ချိုးဖောက်ခဲ့ပါတယ်။ သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံတဲ့ အာဖဂန်နစ္စတန်အစိုးရကို အင်အားသုံး ဖြုတ်ချခဲ့တဲ့နောက် အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်ဖို့ ပျက်ကွက်ထားခဲ့ပါတယ်။ အဲဒီလိုနဲ့ အာဖဂန်ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ရိုက်ချိုးခဲ့ပါတယ်” ဟု EEAS က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အာဖဂန်မိန်းကလေးများကို အလယ်တန်းကျောင်းပညာသင်ယူခွင့် ပိတ်ပင်ခြင်း၊ မဖြစ်မနေလိုက်နာရမည့် ဝတ်စားဆင်ယင်မှု စည်းမျဉ်းများ ချမှတ်ခြင်း၊ အမျိုးသမီးများ၏ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုအပေါ် ကန့်သတ် ရင်း ၎င်းတို့ကို စီးပွားရေးနှင့် အများပြည်သူ နေထိုင်မှုဘဝမှ
ကင်းကွာစေခြင်းအားဖြင့် တာလီဘန်တို့ သည် အမျိုးသမီးများ၏ အခွင့်အရေးများကို ထိပါးချိုးဖောက်ထားခဲ့သည်ဟု အီးယူက ထောက်ပြသည်။

အမျိုးသမီးများနှင့် ကလေးများကို အကြမ်းဖက်မှုနှင့် အတင်းအဓမ္မ လက်ထပ်ပေးစားမှုတို့မှ အကာ အကွယ်ပေးသည့် လုပ်ထုံးလုပ်နည်းများကိုလည်း ဖျက်သိမ်းထားခဲ့သည်ဖြစ်ရာ အဆိုပါနိုင်ငံတွင် အိမ်တွင်း အကြမ်းဖက်မှုများကို မြင့်တက်စေခဲ့ကြောင်း EEAS က မှတ်ချက်ပြုသည်။

ထို့ပြင် ဟာဇာရာများနှင့် ရှီးယား လူမျိုးစုဝင်များ အပါအဝင် မျိုးနွယ်စုနှင့် ဘာသာရေး အစုအဖွဲ့များအပေါ် အခွင့်အရေး ချိုးဖောက်မှုများအတွက် တာလီဘန်တို့ကို အီးယူ အေဂျင်စီက ပြစ်တင်ဝေဖန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly