ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းတွင် ရူပီး သန်း ၃၀၀ ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများရှိဟု ရွေးကော် ထုတ်ဖော်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းတွင် ရူပီး သန်း ၃၀၀ ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများရှိဟု ရွေးကော် ထုတ်ဖော်

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းတွင် ပါကစ္စတန်ရူပီး ၃၀၄ ဒသမ ၂ သန်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများ ရှိပြီး အဆိုပါ ပိုင်ဆိုင်မှုများထဲတွင် ပန်ဂျပ်ပြည်နယ် ဘက်ကာခရိုင်ရှိ မြေ ၂၈ ဧကလည်း ပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်လိုက်သည်။

အီမရန် ခန်းသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်က ရွေးကောက်ပွဲ အမည်စာရင်း တင်သွင်းလွှာများ တင်သွင်း ရာတွင် ၎င်းနှင့် ဇနီးဖြစ်သူ ဘုရှ်ရာ ဘီဘီတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း The News International မီဒီယာက ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း ခန်းသည် ဖိုင်ဆယ်လာဘတ် မဲဆန္ဒနယ် NA-108 မှ ကြားဖြတ်ရွေးကောက်ပွဲများကို ယှဉ်ပြိုင်ရန် ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင် (ECP) ထံ ပိုင်ဆိုင်မှုအဖိုးတန်ပစ္စည်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို တင်ပြခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် PTI အကြီးအကဲသည် အမျိုးသားလွှတ်တော်၏ မဲဆန္ဒနယ်ကိုးခုစလုံးမှ အမည်စာရင်း တင်သွင်းလွှာ များကို တင်သွင်းခဲ့ကြောင်း Geo News မီဒီယာက ဩဂုတ် ၁၄ ရက်တွင် ဖော်ပြသည်။

အီမရန် ခန်းက ၎င်းတွင် အမွေရသည့် အိမ်နှစ်လုံးနှင့် ဘက်ကာ ခရိုင်ရှိ မြေ ၂၈ ဧကတို့ကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သော်လည်း ကြေညာမှုထဲတွင် လက်ဝတ်ရတနာပစ္စည်းများ မပါခဲ့ကြောင်း ထုတ်ဖော်ကြေညာခဲ့သည့် ပိုင်ဆိုင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များတွင် ဖော်ပြသည်။ ထို့ပြင် အီမရန် ခန်းသည် အစ္စလမ်မာဘတ်ရှိ ကွန်စတီကျူးရှင်း ရိပ်သာလမ်း၌ စီးပွားဖြစ် မြေကွက်တစ်ခုနှင့် တိုက်ခန်းတစ်ခုကိုလည်း ပိုင်ဆိုင်ကြောင်းနှင့် ယင်းတို့အတွက် ငှားရမ်းခအဖြစ် ရူပီး ၁ ဒသမ ၄ သန်း ရရှိနေကြောင်း The News International မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly