စိုက်ပျိုးရေး ကဏ္ဍတွင် တရုတ်က လာရောက်ရင်းနှီးမြှုပ်နှံမှုကို တားမြစ်မည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အဆိုပြု

စိုက်ပျိုးရေး ကဏ္ဍတွင် တရုတ်က လာရောက်ရင်းနှီးမြှုပ်နှံမှုကို တားမြစ်မည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အဆိုပြု

မြောက်ဒါကိုတာရှိ လေတပ်စခန်းတစ်ခုအနီးတွင် တရုတ်ကုမ္ပဏီက စိုက်ပျိုးမြေဝယ်ယူလိုက်ပြီးနောက် စိုက်ပျိုးရေးကဏ္ဍ၌ တရုတ်က ရင်းနှီးမြှုပ်နှံခြင်း၊ မြေယာ သို့မဟုတ် စိုက်ပျိုးရေးဆိုင်ရာ စီးပွာရေးတွင် ပါဝင်ခြင်းတို့ကို တားမြစ်သည့် ဥပဒေကြမ်းတစ်ရပ်အား အမေရိကန် ဆီးနိတ်လွှတ်တော်တွင် အထက်လွှတ်တော်အမတ်တစ်ဦးက ဇူလိုင် ၁၇ ရက်တွင် အဆိုပါပြုလိုက်သည်။

တောင်ဒါကိုတာမှ ရီပတ်ပလစ်ကင်ပါတီ၏  အထက်လွှတ်တော်အမတ် မိုက်ခ်ရောင်းစ်က ဆီးနိတ်သို့ ပြောကြား ရာတွင် “အမေရိကန်ရဲ့ လယ်မြေတွေကို ကာကွယ်ဖို့ နိုင်ငံတော်လုံခြုံရေးအတွက်  အရေးကြီးပါတယ်။ တရုတ်က မြောက်ဒါကိုတာမှာရှိတဲ့ လေတပ်စခန်းအနီးမှာ မကြာသေးခင်က လယ်မြေတွေ ဝယ်ခဲ့တဲ့အပေါ်  ဆီးနိတ် လွှတ်တော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီဝင်တစ်ဦးအနေနဲ့ များစွာ စိုးရိမ်မိပါတယ်” ဟု တင်ပြခဲ့သည်။

ယခုဥပဒေသစ်ကို အတည်ပြုပါက အမေရိကန်၏ စိုက်ပျိုးစီးပွားကဏ္ဍတွင် ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့ မှလည်း လာရောက်ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ပိတ်ပင်သွားမည်ဟု အထက်လွှတ်တော်အမတ် ရောင်းစ်က သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ 

တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Fufeng Group က မြောက်ဒါကိုတာရှိ ဂရန်းဖော့ခ်အနီးတွင် လယ်ဧက ၃၀၀ ကို ဝယ်ယူခဲ့သည်။ ယင်းနေရာမှ ကားဖြင့် မိနစ် ၉၀ သွားပါက ကနေဒါနယ်စပ်သို့ ရောက်ရှိကြောင်း New York Post သတင်းစာက ဖော်ပြသည်။

Fufeng Group က ယင်းမြေနေရာပေါ်တွင် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံကာ ပြောင်းဖူးစက်ရုံ တည်ဆောက်မည်ဖြစ်သောကြောင့် အလုပ်အကိုင် ၂၀၀ ထက်မနည်း ရရှိနိုင်သည့်အပြင် သယ်ယူပို့ဆောင်ရေး၊ ကုန်ပစ္စည်းတင်ပို့ရေးနှင့် အခြားဝန်ဆောင်မှုများအတွက်လည်း အခွင့်အလမ်းများ ရရှိလာနိုင်မည်ဟု ပြန်လည်ပြောကြားထားသည်။ 

လူဦးရေ ၆ သောင်းသာရှိသည့် ဂရန်းဖော့ခ်မြို့တွင် Fufeng Group ကုမ္ပဏီက လာရောက်လုပ်ကိုင်နေခြင်းသည် နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန်အကြီးတန်း လေတပ်အရာရှိများက ဧပြီလအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly