ဒေါ်လာလိုအပ်သလောက်မရောင်းပေးသည့်အပြင် ပို့ကုန်ရငွေမှဒေါ်လာ အရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ ရောင်းဝယ်ရမည်ဟုဆို

ဒေါ်လာလိုအပ်သလောက်မရောင်းပေးသည့်အပြင် ပို့ကုန်ရငွေမှဒေါ်လာ အရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ ရောင်းဝယ်ရမည်ဟုဆို

ဩဂုတ် ၂၆

(မဇ္ဈိမ)။ ။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းများအား ဒေါ်လာ လိုသလောက်မရောင်းတော့သည့်အပြင် ပို့ကုန်ရငွေ၏ ဒေါ်လာအရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ အရောင်းအဝယ်လုပ်ရမည်ဟု ဩဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ဗဟိုဘဏ်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေလဲလှယ်ရန်နှင့် ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုအခါ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချသည့်စျေးနှုန်း၊ ဝယ်ယူသွားသော ကုမ္ပဏီများ၏စာရင်းကို ဗဟိုဘဏ်သို့တင်ပြရန် ညွှန်ကြား ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ပို့ကုန်တင်ပို့သူများထံ မှ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ထံမှဖြစ်စေ နိုင်ငံခြားငွေများကိုဝယ်ယူခဲ့ပြီး အဆိုပါငွေများအနက်မှ “စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီ များ၊ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည့်စာရင်းကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဌာနသို့ စာရင်းပြုစုတင်ပြရန်” ဟု ဖော်ပြထားသည်။

ဗဟိုဘဏ်က ဒေါ်လာမရောင်းပေးသည့်အတွက် ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီတင်သွင်းသူများက ဆီတင်သွင်းရန် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ပြင်ပမှ ဝယ်ယူတင်သွင်းခဲ့ရကြောင်းသိရသည်။

“ဒေါ်လာမရောင်းပေးတဲ့အတွက် ပြင်ပကနေ ဒေါ်လာဝယ်ပြီး ဆီတင်သွင်းရတာရှိတယ်။ တလောကပဲ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေ လဲလှယ်ရမယ်။ ၃၅ ရာခိုင်နှုန်းကို ပြင်ပမှာရောင်းချနိုင်တယ်ဆို ပြီး အခုကျတော့ ပြန်ပြီးရောင်းချတဲ့ဈေးနှုန်း၊ စာရင်းတွေပြန်ပြီးတင်ပြရမယ်လို့ ထုတ်ပြန်လာတယ်။ ဒီ အတိုင်းသာဆိုရင် စက်သုံးဆီနဲ့ စားသုံးဆီဈေးတွေကထပ်တက်မယ့်သဘောရှိတယ်။ အလားတူ ဒေါ်လာ ဈေးလည်းထပ်တက်နိုင်တယ်” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ရုရှားနိုင်ငံမှစက်သုံးဆီများ စက်တင်ဘာလတွင် ရောက်ရှိမည်ဟု စစ်ကောင်စီဘက်က ထုတ်ဖော် ပြောဆိုပြီးနောက် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသူများထံ ဒေါ်လာ မရောင်းပေးသလောက်ဖြစ်လာ နေသည်ဟု သိရသည်။

“ရုရှားနိုင်ငံကဆီရောက်မယ်လို့ပြောခဲ့တာလည်း သူတို့ပဲ။ အခုကျတော့ စက်သုံးဆီနဲ့စားအုန်းဆီတင်သွင်း ရောင်းချတဲ့သူတွေကို သတ်မှတ်တဲ့ ၂၁၀၀ နှုန်းနဲ့လည်း ဗဟိုဘဏ်ဘက်က လိုအပ်သလောက်မရောင်း ပေးနိုင်ဘူး။ ပြင်ပကဝယ်ယူတင်သွင်းမယ်ဆိုတော့လည်း ပြန်တင်ပြရမယ်ဆိုတာကဖြစ်လာတယ်။ ပြော ရရင် ငါက ဒါသတ်မှတ်တယ်။ အဲ့ဒီနှုန်းနဲ့ ငါမရောင်းပေးနိုင်ဘူး။ အပြင်ကဝယ်မယ်ဆိုလည်း ငါ့ကိုပြန်ပြ ဆိုတာမျိုး ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ဗဟိုဘဏ်

#နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန

#ဒေါ်လာစျေး

#ပို့ကုန်ရငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly