ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ဝင်တိုက်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း PDF ပြော

ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ဝင်တိုက်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း PDF ပြော

ဩဂုတ် ၂၆

မဇ္ဈိမ ။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးသွားကြောင်း ဒီးမော့ဆို PDF တာဝန်ရှိသူက မဇ္ဈိမကို အခိုင်အမာ ပြောသည်။

ဒီးမော့ဆို- ဖရူဆိုနယ်စပ်ရှိ ငွေတောင်ရွာသစ်ကျေးရွာက အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲက နေ့တိုင်းလိုလို ထိတွေ့မှု ရှိပါတယ်၊ ၂၄ ရက်နေ့ တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်တပ်ဘက်က ငါးယောက်သေတယ်၊ ထိခိုက်ဒဏ်ရာရရှိမှု တချို့ ရှိခဲ့တယ်လို့ သိရပါတယ်၊ သူတို့ဘက်က လက်နက်ကြီးနဲ့ အဆမတန် ပစ်ခတ်တော့ ကျွန်တော်တို့ဘက်က ပြန်ဆုတ်လာခဲ့ပါတယ်” ဟု ဒီးမော့ဆို PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ငွေတောင်ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၂၄ ရက်နေ့တွင် တစ်ကြိမ် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီသား နှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့သော်လည်း PDF ပူးပေါင်း တပ်ဖွဲ့များဘက်က အထိအခိုက်အကျအဆုံး မရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အလယ်ပိုင်းတိုင်း (၁၁၀၆)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခန့်မှန်းခြေ အင်အား ၂၀၀ ဝန်းကျင် ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် ယခုဩဂုတ်လ ၂၀ ရက်နေ့က စတင်ပြီး ဒီမော့ဆိုမြို့နယ် သဲတောင်၊ ခြေတော်ရာ ဘုရားနှင့် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးရွာတွင် စစ်ကြောင်းဖြန့်ကြက်ထားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

လက်ရှိမှာ‌ ငွေတောင်ရွာသစ်ကျေးရွာက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် အနီးအနားဝန်းကျင်က ကဒါးလားတောင်၊ ထီးတော်ကူးနှင့် ထီးပေါ်ဆို စသည့် ကျေးရွာများတွင် စစ်တပ်ဘက်က ထပ်မံတပ်ဖြန့်ချထားလိုက်ကြောင်းလည်း သိရသည်။

“တိုက်ခိုက်ခံရပြီး အခု သူတို့နေ့ချင်း ထပ်ပြီးတော့မှ တပ်ဖြန့်ထားလိုက်ကြပါတယ်” ဟု ဒီးမော့ဆို PDF ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ဒေသကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်နေပြီး တော်လှန်မှု အားကောင်းသော အဆိုပါ ဒေသများကို လက်မလွှတ်ရရန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံ၏ အနောက်ဘက်ခြမ်း ချင်းပြည်နယ်တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန်ခုခံတိုက်ခိုက်မှု အားကောင်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဖရူဆိုမြို့နယ်

#ဒီးမော့ဆိုPDF

#စစ်ကောင်စီတပ်

#KRU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly