KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ တိုက်ပွဲဝင်တော်လှန်ရဲဘော်များအတွက် MFDMC ထောက်ပို့ တပ်သားများစုပေါင်းပြီး ကျပ်သိန်း ၅၀၀ လှူဒါန်း

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ တိုက်ပွဲဝင်တော်လှန်ရဲဘော်များအတွက် MFDMC ထောက်ပို့ တပ်သားများစုပေါင်းပြီး ကျပ်သိန်း ၅၀၀ လှူဒါန်း

ဩဂုတ် ၂၆

(မဇ္ဈိမ)။ ။ တောင်ပိုင်းတိုင်းစစ်ဒေသဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ အတွင်းရှိ တိုက်ပွဲဝင်တော်လှန်ရေးရဲဘော်များ အရေးပေါ်လိုအပ်နေသည့် ခဲယမ်းများ ထပ်မံဖြည့်တင်းနိုင် ရေးအတွက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)မှ ထောက်ပို့တပ်သား များစုပေါင်းကာ ဩဂုတ်လ ၂၅ ရက်နေ့က ငွေကျပ်သိန်း ၅၀၀ ထောက်ပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

“အင်အား အဆမတန်သုံးပြီးထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်နေတဲ့ ရဲဘော်တွေလိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေဖြည့်ဆည်းနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ ချိတ်ဆက်ပြီး အခုလို ထောက်ပို့ပေးခဲ့တာပါ”ဟု MFDMC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ နေရာအချို့တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်က အဆမတန် အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးရဲဘော်များမှာ လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားနေခြင်းဖြစ်သည်။

“အခုလို အားဖြည့်ကူညီပေးတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့တပ်သားတွေကို အထူးကျေးဇူးတင်ရှိပြီး ထပ်မံလိုအပ်တာတွေကိုလည်း ဆက်လက် အားဖြည့် ကူညီစေလိုတယ်”ဟု တပ်မဟာ(၆)စစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

MFDMC အဖွဲ့အနေဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ချိတ်ဆက်ကာ တစ်နိုင်လုံးအတိုင်း အတာဖြင့် တော်လှန်ရေးအဖွဲ့ပေါင်း ၆၀ ကျော်ကို စုစုပေါင်း ကျပ်သိန်းပေါင်း ၉,၀၀၀ ကျော်ကို ထောက်ပို့ ပေးခဲ့သည်ဟု သိရသည်။

ယခုလှူဒါန်းခဲ့သည့် တောင်ပိုင်းတိုင်းစစ်ဒေသကို ထောက်ပံ့ခဲ့သည့် အကြိမ်ရေ ၁၈ ကြိမ်ရှိကာ ကျပ်သိန်း ပေါင်း ၂,၀၀၀ ကျော်ထိ ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)သည် တောင်ကိုရီးယား၊ ထိုင်း၊ စင်္ကာ ပူ၊ မလေးရှား စသည့် လေးနိုင်ငံအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ထောက်ပံ့တပ်သားသစ်များ ကို လက်ခံစုဆောင်းမှုများဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် မြေပြင်မှ အရေးကြီးသည့်စစ်ဆင်ရေး ဧရိယာများသို့ အဓိကထား ထောက်ပို့ပေးနေကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#KNUတပ်မဟာ(၆)နယ်မြေ

#MFDMC

#ထောက်ပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required