ယခုလထဲ စတုတ္ထမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် အမေရိကန်လွှတ်တော်အမတ် ၁ ဦး ထိုင်ဝမ်သို့ ရောက်ရှိ

ယခုလထဲ စတုတ္ထမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် အမေရိကန်လွှတ်တော်အမတ် ၁ ဦး ထိုင်ဝမ်သို့ ရောက်ရှိ
Photo - AFP

ဩဂုတ် ၂၆

အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် မာရှာ ဘလက်ဘန်းသည် ဩဂုတ် ၂၅ ရက် ညပိုင်းက ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့ပြီး ယင်းသည် ယခုလအတွင်း ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံရေးသမားတစ်ဦး လာရောက်သည့် စတုတ္ထမြောက် ခရီးစဉ်လည်း ဖြစ်သည်။ ယင်းကဲ့သို့ ခရီးစဉ် လာရောက်ခြင်းက တရုတ်ကို ကျွဲမြီးတိုစေမည် ဖြစ်ပြီး တရုတ်သည် ထိုကဲ့သို့ ခရီးစဉ်မျိုး လာရောက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် ကြီးမားသော စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ထားသည်။

ယခုလအစောပိုင်းက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ထိုင်ဝမ်သို့ လာရောက်မှုကြောင့် တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် မကြုံစဖူး အင်အားပြသမှုအဖြစ် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများက ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးလယ်ဗယ်ကို မြင့်တက်ခဲ့သည်။

တန်နက်ဆီပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ်တစ်ဦးဖြစ်သည့် ဘလက်ဘန်းသည် ယမန်နေ့က တိုင်ပေမြို့၏ ဆုန်ရှန်း လေဆိပ်သို့ အမေရိကန်အစိုးရ လေယာဉ်ငယ်တစ်စင်းဖြင့် ဆိုက်ရောက်လာခဲ့ပြီး သူမ၏ ခရီးစဉ်က တစ်ကိုယ်တော် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

“ကျွန်မတို့တွေကို အနိုင်ကျင့်လို့ မရဘူးဆိုတာကို ပေကျင်းကို သတင်းစကားပါးဖို့ ကျွန်မ ထိုင်ဝမ်ကို လာရောက်တာပါ” ဟု လွှတ်တော်အမတ် ဘလက်ဘန်းက တွစ်တာတွင် ရေးသည်။

“အမေရိကန်အနေနဲ့ ကမ္ဘာတစ်ဝန်း လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ တည်ကြည်ခိုင်မာစွာ ဆက်ရှိနေမှာ ဖြစ်ပြီး ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ မဟာမိတ်တွေကို ထိခိုက်စေမယ့် အားထုတ်မှုတွေကို သည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် “မိမိတို့၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်မြှင့်တင်ရန် တိုင်ပေရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံစည်းဝေး” သွားရန် မျှော်လင့်ကြောင်း ဘလက်ဘန်းက သီးခြားထုတ်ပြန်သည်။

တရုတ်က ခြိမ်းခြောက်မှုများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုကဲ့သို့ ခရီးစဉ်မျိုး လာရောက်ခြင်းအားဖြင့် ထိုင်ဝမ်ကို အခိုင်အမာ ထောက်ခံကြောင်း ထပ်မံပြသပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်နေပြီး ဒီမိုကရေစီကျင့်သုံးသော ထိုင်ဝမ်ကို တရုတ်က ယင်း၏ နယ်မြေတစ်စိတ်တစ်ဒေသအဖြစ် ရှုမြင်ပြီး တစ်နေ့နေ့တွင် လိုအပ်လျှင် အင်အားသုံး သိမ်းယူမည်ဟု ပြောကြားထားသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly