နျူကလီးယား စက်ရုံ၌ ရေဒီယိုသတ္တိကြွ မတော်တဆမှုဖြစ်မည့် အရေးမှ ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့ဟု ယူကရိန်းသမ္မတ ပြော

နျူကလီးယား စက်ရုံ၌ ရေဒီယိုသတ္တိကြွ မတော်တဆမှုဖြစ်မည့် အရေးမှ ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့ဟု ယူကရိန်းသမ္မတ ပြော

ဩဂုတ် ၂၆

ယူကရိန်းနိုင်ငံ၏ ဇာပိုရစ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ ဆက်လက် လည်ပတ်လျက် ရှိသည့် ဓာတ်ပေါင်းဖိုနှစ်ခုတွင် ဩဂုတ် ၂၅ ရက်က ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့ပြီးနောက် ရေဒီယိုသတ္တိကြွမှု မဖြစ်အောင် အရေးတကြီး လုပ်ဆောင်ခဲ့ရကြောင်းနှင့် ကမ္ဘာကြီးအနေဖြင့် ရေဒီယိုသတ္တိကြွ မတော်တဆမှုတစ်ရပ်မှ သီသီကလေး ရှောင်လွဲနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

စက်ရုံဝန်းအနီး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ခု၏ ပြာမှုန်တွင်းများတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းကြောင့် နျူကလီးယား စက်ရုံရှိ ဓာတ်ပေါင်းဖိုများထံ ပေးသည့် ဓာတ်အားစနစ် ပြတ်တောက်သွားခဲ့ကြောင်း ယူကရိန်း နျူကလီးယားကုမ္ပဏီ Energoatom က ပြောသည်။ ဓာတ်အားပြတ်တောက်မှုအတွက် ရုရှ “ကျူးကျော်သူများ” ကို ကုမ္ပဏီက ပြစ်တင်ခဲ့သည်။

ထို့နောက်တွင် ဓာတ်အား ဆက်လက် ပေးနိုင်ရေးအတွက် အရန်ထားသည့် ဒီဇယ် ဂျင်နရေတာများကို ချက်ချင်းနိုးခဲ့ရကြောင်း ဇယ်လန်စကီးက ပြောသည်။ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် အအေးခံစနစ်နှင့် ဘေးကင်းရေးစနစ်များအတွက် လျှပ်စစ်ကို အသုံးပြုသည်။

“တကယ်လို့သာ ဒီဇယ် ဂျင်နရေတာတွေကိုသာ မဖွင့်နိုင်ခဲ့ဘူးဆိုရင်၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ စက်ရုံဝန်ထမ်းတွေက ဓာတ်အားပြတ်တောက်မှုဖြစ်ပြီးနောက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်တာမျိုး မရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ရေဒီယိုသတ္တိကြွမှု မတော်တဆမှုတစ်ခုရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ကျော်လွှားရဖို့ လုပ်ရတော့မှာဖြစ်တယ်” ဟု ဇယ်လန်စကီးက ၎င်း၏ ညနေခင်း မိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

“ရုရှဟာ ယူကရိန်းနဲ့ ဥရောပသားအားလုံးကို ရေဒီယိုသတ္တိကြွမှု ဘေးဒုက္ခဆိုးတစ်ခုနဲ့ နီးကပ်တဲ့ အခြေအနေတစ်ခုကို တွန်းပို့ခဲ့ပါတယ်”

ဥရောပတွင် အကြီးဆုံးဖြစ်သည့် အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ နယ်နိမိတ်ထဲမှ ရုရှတပ်ဖွဲ့များ ထွက်ခွာစေရန် တွန်းအားပေးရန် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီနှင့် အခြားသော ကမ္ဘာ့အဖွဲ့အစည်းများအနေဖြင့် မြန်မြန်ဆန်ဆန် အရေးတယူ လုပ်ဆောင်ရန်လိုကြောင်း ဇယ်လန်စကီးက တိုက်တွန်းပြောဆိုခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required