ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံရှေ့တွင် “အဖိနှိပ်ခံအလုပ်သမားများနှင့် အတူရှိကြောင်း” ဆန္ဒပြ

ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံရှေ့တွင် “အဖိနှိပ်ခံအလုပ်သမားများနှင့် အတူရှိကြောင်း” ဆန္ဒပြ

မဇ္ဈိမ ။     ။ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် H&M စက်ရုံအရှေ့တွင် “အဖိနှိပ်ခံအလုပ်သမားများနှင့် အတူရှိကြောင်း” တက်ကြွလှုပ်ရှားသူ လူငယ်အချို့က ယနေ့ ဩဂုတ်လ  ၂၅ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြရာတွင် စစ်ကိုင်းတိုင်းကိုယ်စားပြု နိုင်ငံသားစီစစ်ရေးအမှတ်ဖြစ်သည့် ၅ မျဉ်းစောင်း( ၅/ )၊ မကွေးတိုင်းကိုယ်စားပြု ၈ မျဉ်းစောင်း( ၈/ )၊ မန္တလေးတိုင်း၏ ၉ မျဉ်းစောင်း( ၉/ ) သင်္ကေတပါ တီရှပ်များကို ဝတ်ဆင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းနိုင်ငံသားစီစစ်ရေးကဒ်အမှတ် မျဉ်းစောင်း( / ) ကိုင်ဆောင်ထားသည့် အလုပ်သမားများအား ခြိမ်းခြောက် အလုပ်ထုတ်နေမှုများရှိနေ၍ ယခုကဲ့သို့ သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောသည်။ 

သပိတ်အပြီး နံနက် ၁ဝ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း၊ မီးသတ်အဝိုင်းအနီးရှိ ဆရာရှမ်းလမ်းတစ်ဝိုက်သို့ စစ်ကောင်စီတပ်သားအချို့ ရောက်ရှိလာခဲ့သေးသော်လည်း သပိတ်လူငယ်များ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ “အဖိနှိပ်ခံအလုပ်သမားများနှင့် အတူရှိကြောင်း” သပိတ်မှောက် ဆန္ဒပြမှုကို လူငယ်များသမဂ္ဂ - ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့က ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တွင် အလုပ်လုပ်နေသည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးမှ အလုပ်သမားများကို   ခြိမ်းခြောက် အလုပ်ထုတ်မှုများမှာ သြဂုတ်လအတွင်း ခပ်စိတ်စိတ် တွေ့လာရကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ တာဝန်ရှိသူများမှလည်းဆိုသည်။

ဇူလိုင်နှင့် သြဂုတ်နှစ်လအတွင်း လှိုင်သာယာမြို့နယ်နှင့် ရွေပြည်သာမြို့နယ်ရှိ စက်ရုံငါးရုံမှနေ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှလာရောက်လုပ်ကိုင်သူ အလုပ်သမား ဦးရေ ၂ဝဝ ကျော်အထိ  အလုပ်ထုတ်ခံရပြီးဖြစ်ကြောင်း FGWM မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required