ဖျာပုံမြို့တွင် ပစ်သတ်ခံရသည့် စစ်ကောင်စီသတင်းပေး အမျိုးသမီးနှင့် ဆက်စပ်သူများကို ဆက်လက်အရေးယူမည်ဟု Black Dragon Force Pyapon အဖွဲ့ပြော

ဖျာပုံမြို့တွင် ပစ်သတ်ခံရသည့် စစ်ကောင်စီသတင်းပေး အမျိုးသမီးနှင့် ဆက်စပ်သူများကို ဆက်လက်အရေးယူမည်ဟု Black Dragon Force Pyapon အဖွဲ့ပြော

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် စစ်ကောင်စီသတင်းပေး အမျိုးသမီးနှင့် ဆက်စပ်သူများကို ဆက်လက်အရေးယူသွားမည်ဟု Black Dragon Force Pyapon အဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီက ပြောသည်။

ဖျာပုံမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် မနှင်းဝေခိုင် အမှတ် (၁၅) ရပ်ကွက်ရုံးစာရေးနှင့် မနိုးနိုးဝေတို့ နှစ်ဦးကို Black Dragon Force Pyapon အဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဗိုလ်နိုင်းဒီက ပြောသည်။

ထို့နောက် မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းကို Black Dragon Force Pyapon အဖွဲ့က သိမ်းဆည်းလာခဲ့ပြီး ၎င်း၏ဖုန်းအတွင်း တွေ့ရှိထားသည့် သတင်းအချက်အလက်များအရ ဆက်စပ်သူများကို ဆက်လက်အရေးယူမည်ဟု ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"နှင်းဝေခိုင်ရဲ့ဖုန်းကို စစ်ဆေးကြည့်တဲ့အချိန်မှာ ဖျာပုံမြို့ပေါ်ကဘယ်သူက ဘာဆိုတာတော်တော်များများသိခဲ့ရတယ်။ ကိုယ့်လူ

သူ့ဘက်သားတွေကိုလည်း သိခဲ့ရတယ်။သေသေချာချာစီစစ်ပြီး ဆက်လက်အရေးယူသွားမှာပါ"ဟု ဆက်ပြောသည်။

မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းအတွင်း၌ ၎င်းကိုယ်တိုင်ရိုက်ယူထားသည့် ဓာတ်ပုံ တစ်သောင်းခုနှစ်ထောင်ခန့် ရှိသည်ဟုသိရပြီး အများစုမှာ စစ်ကောင်စီတပ်သားများနှင့်အတူ ရိုက်ကူးထား

သည့်ပုံများ ဖြစ်သည်ဟု ဗိုလ်နိုင်းဒီ၏ ပြောပြချက်အရ သိရသည်။

မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦးကို Black Dragon Force Pyapon အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ဖျာပုံမြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ကျည်ကာများ ဝတ်ဆင်ပြီး လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်နှင့်ရဲများက လုံခြုံရေးပေးကာ ယနေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ သုသာန်တစ်ခုတွင် သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံမျကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required