နမ္မတူမြို့နယ် ဘော်တွင်းဆည်အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်

နမ္မတူမြို့နယ် ဘော်တွင်းဆည်အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်

ရှမ်း(မဇ္ဇိမ)။ ။ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဘော်တွင်းဆည်ကြီးအနီးတွင် ယနေ့ သြဂုတ်လ ၂၅ နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကြောင့် နမ္မတူမြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများအပြင် လက်နက်ကြီး ပစ်ခတ်သံများကိုပါ ကြားနေရပြီး စစ်ကောင်စီ၏ ခလရ (၃၂၄) တပ်မှ လက်နက်ကြီးများဖြင့် ပစ်နေခြင်းဖြစ်ကြောင်း နမ္မတူဒေသခံ တစ်ဦးထံက သိရသည်။

"ခလရ (၃၂၄) တပ်ကနေ ၁၀ မိနစ်တစ်ခါလောက်လက်နက်ကြီးတွေပစ်ကူနေတာ။ အိမ်ကနေတော့ကြားဘဲကြားရတော့ ဘယ်ကိုပစ်ကူမှန်းမသိဘူး။ တိုက်ပွဲဖြစ်တဲ့ ဘက်က တော့ နမ္မတူ-မန်တုံလမ်းပိုင်းတနေရာရာဘဲထင်တယ်။ ညကတည်းက သေနတ်သံ တွေလဲကြားနေရတယ်" ဟုပြောသည်။

ယမန်နေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း မူဆယ်မြို့နယ်၊ မန်ဖာတောင်အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required