တော်လှန်ရေးရဲဘော်များသာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် D-Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲ ကျင်းပမည်

တော်လှန်ရေးရဲဘော်များသာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် D-Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲ ကျင်းပမည်

အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ စစ်ကောင်စီကိုလက်နက်ကိုင် တော်လှန်ရန် စတင်ကြေညာခဲ့သည့် D-Day တစ်နှစ်ပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကဗျာပြိုင်ပွဲတွင် စစ်အာဏာရှင်များကို တော်လှန်တိုက်ပွဲဝင်နေသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ တော်လှန်ရေးရဲဘော်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှ ရဲဘော်များနှင့် UG ရဲဘော်များအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

“ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က D- Day စခေါ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ပြည်သူ့အာဏာ ပြည်သူတွေ လက်ထဲ ပြန်ရောက်ဖို့ တော်လှန်ကြရတဲ့ခါ ကျနော်တို့ရဲဘော်တွေ ပြည်သူတွေမှာ သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ မိသားစုတွေ၊ အိုးအိမ်တွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ အဲ့ဒီလို ပေးဆပ်နေရတဲ့ ပြည်သူတွေထဲမှာမှ ရှေ့တန်းမှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ခံစားချက်တွေကို ကဗျာအဖြစ်နဲ့ ရေးစပ်ပြီး ပြည်သူလူထုအားလုံးကို ခံစားစေချင်တယ်။ ဒီခံစားချက်၊ နာကျည်းချက်တွေကနေ ပြည်သူလူထုကို တော်လှန်ရေးစိတ်တွေ ပိုမိုနိုးကြားလာစေချင်တယ်”ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။

D- Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲတွင် ကဗျာအရှည်အနေဖြင့် A-4 စာမျက်နှာ နှစ်မျက်နှာအထိ ရေးစပ်သီကုံးနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ကဗျာများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထူးထူးခြားခြား သတ်မှတ်ထားခြင်းမျိုး မရှိဘဲ၊ စည်းလုံးမှု ပြိုကွဲစေမယ့် စာသားများ၊ တော်လှန်ရေးကို အားယုတ်စေမည့် အရေးအသားမျိုးများမှ လွဲ၍ ကြိုက်နှစ်သက်သလို ရေးစပ်ကာ ပြိုင်ပွဲဝင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

“ ပြည်သူအားလုံးက လက်နက်ကိုင်ပြီး တိုက်ပွဲ မဝင်နိုင်ပေမယ့် ကိုယ့်ရဲ့ လုပ်အားခနဲ့ ထောက်ပို့တပ်သားအဖြစ် လူတိုင်း ပါဝင်လို့ရတယ်၊ ပြည်ပရောက်နေပေမယ့်လည်း ပြည်ပနိုင်ငံအသီးသီးက ပြည်သူတွေအနေနဲ့ MFDMC - ပြည်ပထောက်ပို့တပ်မှာ ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးမှာ ပါဝင်လို့ရတယ်ဆိုတာ သိစေချင်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့က ပြောသည်။

ကဗျာပြိုင်ပွဲတွင် ဆုကြေးငွေအနေဖြင့် ကျပ်ငွေ သိန်း၅၀၀ သုံးစွဲသွားမည် ဖြစ်ပြီး စုစုပေါင်း ဆုအရေအတွက် ၄၈ ဆုအထိ ပေးအပ်ချီးမြှင့်သွားမည်ဟု ဆိုသည်။

ဆုရွေးချယ်ရာတွင် ပြည်နယ်၊ တိုင်းတစ်ခုချင်းစီတွင် ပထမဆု ၁၅ သိန်း ၊ ဒုတိယဆု ၁၀သိန်း၊ တတိယဆု ငါးသိန်း သုံးဆုစီ ချီးမြှင့်သွားမည်ဖြစ်ပြီး UG ရဲဘော်များအတွက် ဆုကြေးတူသည့် သီးသန့် သုံးဆုကိုလည်း ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဆုရကဗျာများထဲမှ ပြည်သူများကို ပြန်လည်ရွေးချယ်စေပြီး ပထမဆု ၂၅ သိန်းကျပ်၊ ဒုတိယဆု ၁၅ သိန်းကျပ်နဲ့ တတိယဆု ၁၀ သိန်းကျပ်ဆီဖြင့် အထူးဆု သုံးဆုကိုလည်း ပြန်လည်ရွေးချယ် ချီးမြှင့်သွားမည်ဟု ဆိုသည်။

ပြိုင်ပွဲဝင် ကဗျာများကို NUGမှ စစ်ကောင်စီတပ်ကို တစ််နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်ကြရန် စတင်ကြေညာသည့် D-Day တစ်နှစ်ပြည့် စက်တင်ဘာလ ၇ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆုချီးမြှင့်သွားမည်ဟု သိရသည်။

အဆိုပါ ကဗျာပြိုင်ပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် - ကိုရီးယား (MFDMC) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ကဗျာများနှင့် ပြိုင်ပွဲဝင်သူများ၏ အချက်အလက်များကို အဆိုပါလင့်ခ်( https://bit.ly/ddaypoem ) သို့ ဝင်ရောက်ပြီး Google Form တွင်း ဖြည့်သွင်းပေးပို့ရမည် ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required