မင်းတပ်မြို့ ပညာရေးဝန်ထမ်း Non-CMD ၉၅ ဦးကို အမျိုးသားသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း

မင်းတပ်မြို့ ပညာရေးဝန်ထမ်း Non-CMD ၉၅ ဦးကို အမျိုးသားသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း

မင်းတပ်(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊မင်းတပ်မြို့ရှိ ပညာဝန်ထမ်း Non-CMD ၉၅ဦးအား အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ပြီး ယမန်နေ့ဩဂုတ်လ ၂၄ရက်နေ့က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ CDF မင်းတပ်၊ ပညာရေးဘုတ်အဖွဲ့နှင့် MUSU တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် ၂ (က) အရ၊ မင်းတပ်မြို့ပေါ်ရှိ အထက (၁)၊ အထက (၃)နှင့် အထက (ခွဲ) တပ်မြေကျောင်းများတွင် သင်ကြားလျက်ရှိသည့် ဆရာ/ဆရာမ ၉၅ ဦးအား အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားသစ္စာဖောက် အမည်ပျက်များအဖြစ် ပထမအကြိမ် မှတ်တမ်းစာရင်း ထည့်သွင်းကြေညာလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီ ဖွင့်လှစ်မည့် စာသင်ကျောင်းများအစား ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေးဘုတ်အဖွဲ့က ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် မေလ၂၅ရက်နေ့ကလည်း ထုတ်ပြန်ထားရှိသည်။

နောက်ဆက်တွဲအနေဖြင့် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အမည်ပျက်စာရင်းအဖြစ် ဆက်လက်ထုတ်ပြန် သွားမည်ဟုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ပုံ- မင်းတပ်မြို့နယ်အတွင် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှသင်ကြားနေသည့်စာသင်ကျောင်း

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required