လီဆူဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ

လီဆူဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ

ဩဂုတ် ၂၅

(မဇ္ဈိမ) ။ ။ လီဆူဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ယာဉ်အတွင်း မူးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိခဲ့၍ KIA ဦးဆောင်သော PDF ပူးပေါင်းတပ်က ဩဂုတ်လ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးလိုက်ကြောင်းသတင်းရရှိသည်။

ဝိုင်းမော်မြို့နယ် ဆဒုံး - ဆိုင်လော် - မန်ဝင်း လမ်းအတိုင်း ပန်ဝါဘက်သို့ဦးတည် မောင်းနှင်လာသော လီဆူဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်လေးဦး၏ ပရာဒိုကား (YGN 5J-8686) ကို ပူးပေါင်းတပ်များက ဆနီခူးရွာအထက်ရှိလမ်းတွင် ရပ်တန့်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများနှင့် ပစ္စတိုတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံလိုက်ရသည့် လီဆူဌာနေပြည်သူ့စစ်လေးဦးမှာ ယောဟန် ၅၂ နှစ်၊ ငွါးတား ၄၅ နှစ်၊ တာချာဟို ၁၈ နှစ်နှင့် လာဆီး ၂၁ နှစ် တို့ဖြစ်ကြောင်း KIA ရှေ့တန်းတပ်ရင်းနှင့် နီးစပ်သူများထံကနေ သိရသည်။

သို့သော် သိမ်းဆည်းရမိသည့် ပစ္စတိုလက်နက်အမျိုးအစား၊ မူးယစ်ဆေးဝါးအမျိုးအမည်၊ ပမာဏနှင့် တန်ကြေးကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသူများကို KIA ရှေ့တန်းရုံးတွင် ထပ်မံစစ်ဆေးနေပြီး ၎င်းတို့နှင့် ပါဝင်ပတ်သက်သူများကို အရေးယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

ထိုသို့ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး KIO (ဗဟို) သတင်းနှင့်ပြန်ကြားရေးတပ်ဖွဲ့မှလည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုထားခြင်း မရှိသေးကြောင်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#KIO_KIA

#ဖမ်းဆီးရမိ

#မူးယစ်ဆေးဝါး

#လီဆူဌာနေပြည်သူ့စစ်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly