တောင်ကြီးတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တက်

တောင်ကြီးတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တက်

ဩဂုတ်လ ၂၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများ နေ့စဉ် မြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကန့်သတ်ပြီးနောက်ပိုင်း နိုင်ငံခြားမှတင်သွင်းသည့် ဆေးဝါးအများစုမှ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုများရှိ ကြောင်း ပြည်တွင်းဆေးကုမ္ပဏီ တစ်ခုထံကသိရသည်။

ယခင်က ဆေးနှင့်ဆေးပစ္စည်းတင်သွင်းခွင့်ပါမစ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသို့သာ တင်ပြရသော်လည်း ပြီးခဲ့သည့်ဧပြီလမှစပြီး စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု များမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့်တင်ပြရပြီး ထိုမှတစ်ဆင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံ တင်ပြထားသော သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း စစ်ကောင်စီမှအသိပေးကြေညာ ထားသည်။

ယင်းကြေညာချက်ကြောင့် ဆေးဝါးနှင့်ဆေးပစ္စည်း သွင်းကုန်လိုင်စင်ရရှိသူများအနေဖြင့် မိမိအစီအစဉ် ဖြင့်သာ နိုင်ငံခြားသုံးငွေ (အမေရိကန်ဒေါ်လာ)ကို ရှာဖွေဝယ်ယူရမည်ဖြစ်ပြီး လိုင်စင်ထုတ်ပေးလိုက်ခြင်း ကြောင့် ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်သော်လည်း ဈေးနှုန်းများမှာ အမြင့်မှာတွင်သာရှိနေမည်ဖြစ်ကြောင်း ဆေးဝါးရောင်းချသူများက ဆိုသည်။

“ဆေးဝါးဈေးတက်တာကတော့ ဖြစ်လာမှာပဲလေ။ ကန့်သတ်ကုန်လို ဖြစ်နေတာကိုး။ ဒေါ်လာ ကိုယ့် ဘာသာဝယ်ပြီး ကိုယ့်ဘာသာတင်သွင်းခွင့်တောင်းဆိုတော့ ပြင်ပဒေါ်လာပေါက်ဈေးက ၃၀၀၀ လောက်ရှိ တာကိုး။ ဆီးချိုသမား၊ သွေးတိုးသမား၊ ကျောက်ကပ်သမားတွေတော့ နောက်ဆို ဝယ်သောက်နိုင်ဖို့မလွယ် ဘူး။ ဒေါ်လာဈေးက ထပ်တက်ဖို့ပဲရှိတာကိုး။ အရင်က တစ်လ ဆေး ၃၀,၀၀၀ ဖိုးလောက်ကုန်တဲ့သူက အခု ၈၀,၀၀၀ ဖိုးလောက်ကုန်မယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“နိုင်ငံခြားကုမ္ပဏီနဲ့ဆက်သွယ်တဲ့ ဆေးကုမ္ပဏီတိုင်းက ဆေးဝါးတွေကို အကြွေးနဲ့ယူတယ်။ ကျွန်မတို့ ကုမ္ပဏီဆိုရင် ခြောက်လတဖြတ်အကြွေးယူ၊ အကြွေးရှင်းတဲ့စနစ်နဲ့ လည်ပတ်နေတာ။ ဆေးဝါးတွေ ဈေး တက်တာက ဒေါ်လာဈေးကြောင့်ပါ။ ကုမ္ပဏီက အကြွေးပြန်ဆပ်ရမယ့်အချိန်နဲ့ဒေါ်လာဈေးနဲ့တွက်ပြီး ဈေးကွက်ပြန်ညှိရတယ်။ ဆေးဝါးတွေကတော့ ဒီလကုန် ဆိပ်ကမ်းကနေပြန်ဝင်လာဖို့ရှိတယ်။ ဆေးဝါး ပြတ်လတ်မှုမရှိပေမယ့် ဒေါ်လာဈေးကတော့တက်နေဦးမှာဆိုတော့ ဆေးဝါးဈေးနှုန်းတွေကတော့ မြင့် တက်နေဦးမှာပါ” ဟု ဆေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြည်တွင်းဆေးဝါးဈေးကွက်ရှိ ဆေးဝါးအများစုသည် အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly