တွံတေးမြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက် ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေ

တွံတေးမြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက် ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေ

ဩဂုတ်လ ၂၄ ရက်

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ခြောက်ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီးသည့်နောက် ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

တွံတေးမြို့နယ်၊ ဇီးဖြုကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်များက ယမန်နေ့ သြဂုတ်လ ၂၃ ရက်၊ ညနေပိုင်းအချိန်တွင် ဝင်ရောက်လာကာ ကျေးရွာအတွင်း နေထိုင်သူများကို ဖမ်းဆီးခြင်းနှင့် ရိုက်နှက်စစ်မေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်ကတည်းက ဇီးဖြူကုန်းကျေးရွာထဲကို စစ်ကား ငါးစီးနဲ့ စစ်ကောင်စီတပ် အင်အားအများအပြား ဝင်လာတယ်၊ ပြီးတော့ ကျေးရွာသားတွေကို ကြိုးတုပ်ရိုက်နှက်တာတွေ လုပ်နေတယ်၊ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်” ဟု တွံတေးမြို့နယ် ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

ဇီးဖြူကုန်းကျေးရွာအတွင်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်တွင် စစ်ကောင်စီတပ်သားများအပြင် ပျူစောထီးများကို စစ်ဝတ်စုံဝတ်ဆင်ပေးထားသူများလည်းပါဝင်ကာ အင်အား ၆၀ နီးပါးရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများနှင့်ပျုူစောထီးများကို ဇီးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူးများနှင့် သတင်းပေးဒလန်များက ကျေးရွာအတွင်းရှိ ရွာသားများကို လိုက်လံပြသမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

“ ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေက်ို ဒလန်ရာအိမ်မှူး ကုလားနဲ့ ရွာထဲက သတင်းပေး ဒလန်လေးဦးက ရွာသားတွေကို လိုက်ပြနေတာပါ။ ကျေးရွာအလယ်ပိုင်းနဲ့ အနောက်ပိုင်းက လူတွေကို PDF တွေ NLD တွေခေါင်းစဉ်တပ်ထားပြီး လိုက်ပြနေတာမို့ ကြိုးတုပ်ခံရတာတွေ၊ ဝမ်းလျားမှောက်ရတာတွေ ရှိပြီး ရိုက်နှက်ခံရတာတွေလည်း ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ကာ စစ်ဆေးမှုများ ပြုလုပ်နေသူများသည် အပြစ်မဲ့ ပြည်သူများသာ ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးကတည်းက ရဲဘော်များသည် လုံခြုံသည့် နေရာကို ရောက်ရှိနေပြီး ဖြစ်ကြောင်း တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားထားသည်။

“ ကျွန်တော်တို့ ရဲဘော်တွေက ဖြစ်စဉ်ပြီးကတည်းက တွံတေးမြို့နယ် နယ်နမိတ်အပြင်ဘက်ကို အေးအေးဆေးဆေးရောက်သွားပါပြီ၊ အခုနှိပ်စက်ခံနေရတာက အပြစ်မဲ့ ပြည်သူတွေပါ၊ လက်နက်ကိုင်ထားတဲ့ Standard Army လို့ ကြွေးကြော်နေတဲ့ စစ်ခွေးတပ်(စကစတပ်)ကြီးက လက်နက်မဲ့ ပြည်သူတွေကို နှ်ိပ်စက်နေတာ အင်မတန်ရှက်ဖို့ကောင်းပါတယ်၊ အပြစ်မဲ့ ပြည်သူတွေ အခုလို နှိပ်စက်ခံရမှုတွေအတွက် ကျွန်တော်တို့ ပြန်ပြီး တော်လှန်တိုက်ပွဲဝင်သွားမယ်ဆိုတာ ကတိပြုပါတယ်။” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး) တာဝန်ရှိသူက ဆိုသည်။

မဇ္စျိမက ရရှိထားသည့် အချက်အလက်များအရ ဇီးဖြူကုန်းကျေးရွာ၊ မြဂိုးကျေးရွာ၊ မြကန်သာကျေးရွာအပြင် အနီးဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ပြည်သူ ၁၇ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရပြီး အသက် ၁၈ နှစ်နှင့် အသက် ၄၀ကြား အမျိုးသမီး သုံးဦးလည်း ဖမ်းဆီးခံရမှုတွင် ပါဝင်နေသည်။

ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်သည် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားကာ ဖမ်းဆီးထားသူများကို ၎င်းတို့ တပ်စွဲထားသည့် နေရာတွင်ပင် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းက တွံတေးမြို့ပေါ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စီးနင်းလာသည့် မော်တော်ယာဉ်ကို ဇီးဖြူကုန်းကျေးရွာအနီးရှိ မြကန်သာ၊ သဝန်းတောလမ်းဆုံတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)က စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းအရေးယူမှုအတွင်း ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွန့်အပါအဝင် ရာအိမ်မှူးနှစ်ဦး၊ ဆယ်အိမ်မှူးတစ်ဦး နှင့် စစ်ကောင်စီလက်ပါးစေ နှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly