စက်သုံးဆီဈေးနှုန်းများ ယမန်နေ့က ကျရိပ်ပြခဲ့သော်လည်း ယနေ့စံချိန်တင် မြင့်တက်နေ

စက်သုံးဆီဈေးနှုန်းများ ယမန်နေ့က ကျရိပ်ပြခဲ့သော်လည်း ယနေ့စံချိန်တင် မြင့်တက်နေ

ဩဂုတ်လ ၂၄ ရက်

စက်သုံးဆီဈေးနှုန်းများမှာ ဩဂုတ်လ ၂၃ရက် ယမန်နေ့က ကျရိပ်ပြခဲ့သော်လည်း ယနေ့ဩဂုတ်လ ၂၄ရက်နေ့တွင် စံချိန်တင်မြင့်တက်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဩဂုတ်လ ၂၃ရက်တွင် ၉၂ တစ်လီတာလျှင် ၂,၃၉၀ ကျပ်မှ ၂,၉၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၄၈၀ ကျပ်မှ မှ ၂,၉၉၅ ကျပ် အထိ နေရာဒေသအလိုက် ဈေးနှုန်းများရှိခဲ့သည်။

ယနေ့ ဩဂုတ်လ ၂၄ရက်တွင် ၉၂ တစ်လီတာလျှင် ၂,၄၄၀ ကျပ်မှ ၂,၈၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၅၂၅ ကျပ်မှ ၂,၉၉၅ ကျပ်အထိ နေရာဒေသအလိုက် ဈေးနှုန်းများဖြစ်ကြောင်း စစ်ကောင်စီ၏ ဓာတ်ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ​၏ ထုတ်ပြန်ချက်အရ သိရသည်။

"မနေ့က ဩဂုတ်လ ၂၃ရက်ဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀ နဲ့ ဒီဇယ်တစ်လီတာကို ကျပ် ၁၀၀ကျော်အထိ တစ်ရက်အတွင်းဈေးထိုးတက်လာတယ်၊ တရက်လောက် ကျရိပ်ပြတယ်၊ ၁၀ကျပ်လောက်ကျပြီးရင် ရာဂဏန်းနဲ့ထိုးတက်သွားတာ စံချိန်တင်ပဲ" ဟု မိတ္ထီလာမြို့မှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းများသည် သမိုင်းတစ်လျောက် အမြင့်ဆုံးနှုန်းဖြစ်ပြီး၊ ကမ္ဘာ့ရေနံဈေး မြင့်တက်လာခြင်းတို့ကြောင့် ဈေးဆက်တက်ရန်လည်း ရှိနေသည်ဟု ၎င်းကပြောသည်။

"ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ ဆီပြတ်လပ်ရင်လည်း တစ်ဆိုင်မဟုတ်တစ်ဆိုင်မှာ ရှာထည့်လို့အဆင်ပြေမှာပါ၊ နယ်နဲ့ တောင်ပေါ်ဒေသတွေမှာကတော့ ဆီဆိုင်နည်းတာကြောင့် ဆီဈေးပိုတက်တယ်၊ အခုပဲ အောင်ပန်းဆိုင်က ဆီထည့်လာတာ ၉၂ တစ်လီတာကို ၃,၅၀၀ ကျပ်ပေးရတယ်" ဟု အောင်ပန်းမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိရန်ကုန်မြို့တွင် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၈၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၃,၀၀၀ ရှိပြီး၊ ဓာတ်ဆီများဖြစ်​သော အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂,၄၄၀ကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင်၂,၅၂၅ကျပ် အထိမြင့်တက်လာခြင်း ဖြစ်သည်။

"ကလောမှာ ဆီဆိုင် တစ်ဆိုင်ပဲရှိတယ်၊ အဲ့ဒီဆိုင်က ဈေးတက်နေပြီဆိုကတည်းက ပိတ်ထားတာ တစ်လနီးပါးရှိနေပြီ၊ မြို့ထဲမှာ ရေသန့်ဗူးနဲ့ ရောင်းတာပဲရှိတယ်၊ ၉၂ တစ်လီတာကို ၃,၅၀၀ ပေးရတယ်၊ ၉၅ တို့၊ ဒီဇယ်တို့မရဘူး၊ ဆီထည့်ချင်ရင် အောင်ပန်းအထိသွားထည့်ရတယ်" ဟု ကလောမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အခြားမြို့များတွင်မူ စက်သုံးဆီများမှာ သယ်ယူစရိတ်ကြောင့် ရန်ကုန်ထက်​ဈေးပိုကြီး​နေပြီး ဆီပြတ်လပ်မှုများလည်း ကြုံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly