စီးပွားမြှင့်တင်ရေးရန်ပုံငွေကို မြစိမ်းရောင်စီမံကိန်းတွင် အသုံးပြုသွားမည်ဟု စစ်ကောင်စီခန့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပြော

စီးပွားမြှင့်တင်ရေးရန်ပုံငွေကို မြစိမ်းရောင်စီမံကိန်းတွင် အသုံးပြုသွားမည်ဟု စစ်ကောင်စီခန့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပြော

ဩဂုတ်လ ၂၄ ရက်

ချင်းပြည်နယ်အတွက် စစ်ကောင်စီမှ ခွဲဝေပေးသော နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထဲမှ စိုက်ပျိုးရေး ၊မွေးမြူရေးလုပ်ငန်းနှင့် မြစိမ်းရောင်စီမံကိန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အသစ်ခန့်အပ်ခံရသော ချင်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ဝုန့်ဆွင်းထန် မှ ပြောဆိုလိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၃ရက်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရ အစည်းအဝေးခန်းမတွင် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခွဲတမ်းရရှိထားသော ကျပ် ၁၀ ဘီလီယံ မတည်ပေးထားခြင်းအပေါ် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“အရင်ကျနော်တို့ အစိုးရလက်ထက်က လုပ်ခဲ့တဲ့ မြစိမ်းရောင်စီမံကိန်းကို ဆက်ပြီး အသက်အသွင်းလုပ်ဆောင်မဲ့သဘော ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ အရင်လုပ်ခဲ့တဲ့ ပုံစံတွေနဲ့ တူမတူဆိုတာကိုတော့ သေချာမသိရသေးဘူး ၊ ဆိုတော့ ဘယ်လိုဖြစ်လာ မလဲဆိုတာ မှတ်ချက်မပေးနိုင်ပါဘူး ၊ လက်တွေ့အနေအထားမှာ ငြိမ်းချမ်းမှုမရှိ သေးတော့ လွယ်မှာတော့မဟုတ်ဘူး ၊ အတော်လေးခက်ခဲတဲ့ အနေအထားရှိမှာပါ” ဟု အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က ချင်းပြည်နယ် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ မဇ္စျိမကိုမှတ်ချက်ပြု ပြောဆိုသည်။

ယခင်အစိုးရလက်ထက် မြစိမ်းရောင် စီမံကိန်းသဘောတရားမှာ “အရင်းမပျောက် ချေးငွေ” ဟုခေါ်ဝေါ်ပြီး ချင်းပြည်နယ်အတွင်းရှိ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ကျေးရွာများကို ငွေထုတ်ချေးပြီး ၎င်းတို့မှ အတိုးငွေအနည်း ဆုံး ၁၀၀ လျှင် တစ်လ ပြားငါးဆယ်ပြန်လည် ပေးသွင်းရကြောင်းဆိုသည်။

နှစ်စဉ် အတိုးရောအရင်းပါ အစိုးရသို့ ပြန်လည်အပ်နှံပြီးမှ ပြန်လည်ထုတ်ယူခွင့်ပြုကြောင်း ၊ရရှိလာသော အတိုးငွေပမာဏအလိုက် တွက်ချက်ပြီး ရွာ၏လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများအရ ပြန်လည်သုံးစွဲခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အစိုးရလက်ထက်တွင် ဝက် ၊ နွားနောက် ၊ ဆိတ် စသည့် မွေးမြူရေးလုပ်ငန်းများနှင့် ဝဥ စိုက်ပျိုးခြင်းလုပ်ငန်းများကို တစ်ဦးချင်း၊တစ်ယောက်ချင်း ချေးငှားပေးခြင်းမျိုး မဟုတ်ဘဲ အစုအဖွဲ့အလိုက် ကော်မတီများ၊အဖွဲ့အစည်းများကို ပေးခြင်းဖြစ်ကြောင်း ဆိုသည်။

ယခု စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရမှ မြစိမ်းရောင်စီမံကိန်းဟု ပြောဆိုသော်လည်း ပုဂ္ဂလိက တစ်ဦးချင်းပါ ချေးငွေထုတ်ယူရနိုင်ကြောင်း ကြားသိနေရပြီး အမည်နာမ တူသော်လည်း အရင်မြစိမ်းရောင် စီမံကိန်းနှင့် အခြေခံရည်ရွယ်ချက်ခြင်း တူလိမ့်မည် မထင်ကြောင်းသုံးသပ်ပြောဆိုသည်။

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြစိမ်းရောင်စီမံကိန်းများတွင် အကျိုးရှိရှိ အသုံးချသွားမည်ဟု ပြောဆိုသော်လည်း ဒေသခံပြည်သူများအတွင်း ချေးငွေယူမည့်သူ မရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအသစ်ဖြစ်သော ဒေါက်တာဝုန့်ဆွင်းထန်ကို ဩဂုတ်လ ၁၉ရက်နေ့တွင် အရင်စစ်ကောင်စီမှ ခန့်အပ်ခဲ့သော ဝန်ကြီးချုပ် ငွန်ဆန်းအောင်နေရာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

၎င်းမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တီးတိန်မြို့နယ်မှ ကြံ့ခိုင်ရေးအမတ် လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်ကာ စိတ်ရောဂါအထူးကု ဆရာဝန် တစ်ယောက်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly