ကသာတွင် ရှမ်းနီ တပ်မတော်နှင့် PDF တိုက်ပွဲဖြစ်

ကသာတွင် ရှမ်းနီ တပ်မတော်နှင့် PDF တိုက်ပွဲဖြစ်

ဩဂုတ်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် ရှမ်းနီတပ်မတော်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဩဂုတ်လ ၂၃ ရက်နေ့ (ယနေ့)တွင်လည်း နေရာ သုံးနေရာခန့်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း ဒေသများတွင် ရှမ်းနီးတပ်မတော် SNA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြားတိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဗန်းမောက် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်တဲ့နေရာတွေကတော့ ထွက်ပြေးတာ တိမ်းရှောင်တာတော့ ရှိနေမှာပေါ့ဗျ။ လက်ရှိအနေအထားအရ ဆိုလို့ ရှိ ရင်တော့ အရှေ့ကုန်း အနောက်ကုန်းတလျှောက်ရယ် ပြီးတော့မှ ဒီဘက်က နန့်သောင်နားတလျှောက်တွေရယ် ကြို့ပင်နားတစ်လျှောက်တွေရယ်လို့ ပြောတယ်ဗျ။ ဖြစ်တဲ့နေရာတွေကတော့ သုံး-လေး နေရာလောက်ရှိတယ် လို့ ပြောတယ်ဗျ။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က ဖုန်းလိုင်းတွေက မမိတဲ့အခါကြတော့ အဆက်သွယ် ကောင်း ကောင်းမရတဲ့ အခါကြတော့ ဘယ်နေရာဖြစ်တယ်ဆိုတာ အတိအကျ ပြောလို့ မရသေးဘူးဗျ။”

ယနေ့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသက နန့်သောင်ကျေးရွာ အနီး တဝိုက်တွင် ဖြစ်သည်ဟု သိရသည်။ သို့သော် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေ များကို အတိအကျ မသိရသေးဘူးဟု အဆိုပါ ဒေသခံက ပြောသည်။

နန့်သောင်ကျေးရွာ အနီးတဝိုက်တွင် SNA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည်မှာ ငါးရက်ခန့် ရှိပြီဟု သိရသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း နန့်သောင်ကျေးရွာ အနီးရှိ SNA အဖွဲ့၏ ကင်းစခန်း ငယ်တစ်ခုကို PDF ပူးပါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြားစစ်ရေးတင်းမာနေခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

ဗန်းမောက်ဘက်က အခြေအနေများနှင့် ပတ်သက်၍ ဗန်းမောက် တော်လှန်ရေးအဖွဲ့ - Banmauk Revolution- (BR – Team) က တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ ဇွန်လလောက်ကတည်းကနေပြီး ပြောလို့ရတယ်ဗျ။ ဇွန်လ ၂၆ ရက်နေ့လောက်ကတည်းက ကျ နော်တို့ ဒီဘက်မှာ ကြိုကြားကြိုကြား တိုက်ပွဲတွေ အမြဲတမ်း ရက်ဆက်ဆိုသလို ဖြစ်နေတာ။ ဒီဘက်က ဗန်း မောက်မြို့ တောင်ပိုင်းဒေသတွေမှာလည်း ဖြစ်တယ်။ ပြီးတော့ ခနနားတယ်။ မြို့ပေါ်ကို သွားသွားပစ်ကြတယ်။ အဲ့ဒါ ပြီးတော့ ဒီအနောက်ဘက်မှာတွေ ဖြစ်တယ်။ အေး အဲ့လိုမျိုး ပုံစံမျိုးတွေပေါ့နော်။ နားရင်လည်း အနည်း ဆုံးနားရင် ငါးရက်။ အနည်းဆုံးနားရင် သုံးရက်။ အဲ့လောက်ပုံစံမျိုးပါပဲ။ ကျနော်တို့ ဗန်းမောက်မြို့နယ် ပကဖ အဖွဲ့တွေကတော့ ကျနော်တို့ မြို့ထဲကို ဝင်ဝင်ပစ်တဲ့ပုံစံမျိုးတွေ ခနခနရှိတယ်ပေါ့နော်။ ဩဂုတ်လထဲမှာကိုက။ ပျောက်ကြားနဲ့ ထိတွေ့ပြီးတော့ ဒီတိုင်း ထိပ်တိုက်ရင်ဆိုင်ရတဲ့ သဘောမျိုးတွေပေါ့နော် အဲ့လိုပုံစံမျိုးလေးတွေ ပါပဲ။”

ဗန်းမောက်နယ်ထဲတွင် ယခုနှစ် ဇွန်လက စတင်၍ NUG အစိုးရ၏ အုပ်ချုပ်ရေးယန္တရား စတင်လိုက်သည့် နောက်တွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာကာ တိုက်ခိုက်နေပြီး ဖျက်ဆီးဖို့ ကြိုးစားနေခြင်း ဖြစ်သည်ဟု ဗန်းမောက် တော်လှန်ရေးအဖွဲ့က ပြောသည်။

ယခုနှစ် ဇွန်လမှစတင်၍ ယနေ့အချိန်ထိ နှစ်ဖက်ကြား ဗန်းမောက်မြို့နယ်အတွင်းနှင့် ဗန်းမောက်-အင်းတော် လမ်းတလျှောက်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဗန်းမောက် တော် လှန်ရေးအဖွဲ့ က ပြောသည်။

ဗန်းမောက်နယ်ထဲတွင် KIA၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်တပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

ဓါတ်ပုံ - တိုင်းလိုင် ရှမ်းနီအသံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly