မြိတ်မြို့၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားကို စစ်ကောင်စီက ကားဖြင့် တိုက်သတ်

By ကိုရွှေမြိတ်
24 August 2022
မြိတ်မြို့၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားကို စစ်ကောင်စီက ကားဖြင့် တိုက်သတ်

ဩဂုတ် ၂၄

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းလမ်းမကြီးရှိ ဓနိရည်ချို လမ်းထိပ် အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသား တစ်ဦးကို ကင်းလှည့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့က ကားဖြင့် တိုက်သတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

စစ်ကောင်စီကားဖြင့် တိုက်သတ်ခံရသည့် ဒေသခံအမျိုးသား တစ်ဦး ဖြစ်သူ အသက် ၃၈ နှစ် အရွယ် ဦးထွန်းထွန်းသည် နေအိမ်အပြင်ပသို့ အစားသောက် ထွက်ဝယ်ရန် ဆိုင်ကယ်မောင်းနှင်လာရာမှ ကင်းလှည့် စစ်ကောင်စီအဖွဲ့က အချိန်လွန် ထွက်လာဟု ဆိုကာ ကားနှင့် လိုက်လံ တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းချောင်းကျေးရွာနေ ဒေသခံ တစ်ဦးက“သူက စားစရာ တစ်ခုခု ဝယ်ဖို့ အိမ်ကနေ ထွက်သွားတာပါ၊ ကားလမ်းပေါ် ရောက်တော့ စစ်တပ်က ကင်းလှည့် ရောက်လာတဲ့ ကားကတွေ့ သွားတော့ အရှိန်နဲ့ တိုက်ခိုက်ခံရပြီး အခင်းဖြစ်တဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်”ဟု ပြော သည်။

အဆိုပါ ကားဖြင့် တိုက်သတ်ခံရသည့် အမျိုးသားကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ၅/၁၀၀ တပ် ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် ယင်း အမျိုးသား၏ နာရေးကို ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းတွင် ကလွင် ဘာသာစုံ သုသာန်၌ မီးသင်္ဂြိုလ်သွားမှာ ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တနင်္သာရီတိုင်း

#မြိတ်မြို့နယ်

#စစ်ကောင်စီကား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required