ကျူးကျော်ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု တရုတ်ကို ထိုင်ဝမ် သတိပေး

ကျူးကျော်ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု တရုတ်ကို ထိုင်ဝမ် သတိပေး

ဩဂုတ်လ ၂၃ ရက်

ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချထားသလို ကျူးကျော်သူများအနေဖြင့် “တန်ဖိုးကြီးကြီး” ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဩဂုတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်စုအကြာက ထိုင်ဝမ်တပ်ဖွဲ့များက တရုတ်တိုက်ခိုက်သူများကို ပြန်လည်တိုက်ထုတ်ခဲ့သည့် ထိပ်တိုက်တွေ့မှုတစ်ခု၏ နှစ်ပတ်လည်နေ့တွင် ဆိုင်အင်ဝမ်က တရုတ်ကို သတိပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ် ခရီးစဉ် နောက်ပိုင်း တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများက ပြီးခဲ့သည့်လအတွင်း မြင့်တက်နေခဲ့သည်။ ပလိုစီ၏ ခရီးစဉ်က ထိုင်ဝမ်ကျွန်းကို အမေရိကန်က တိုးမြှင့်ထောက်ခံခြင်း ဖြစ်သည်ဟု ရှုမြင်လျက် တရုတ်သည် ယင်း၏ အမျက်ဒေါသကို ထုတ်ဖော်ရန် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် စစ်ဖက်အရာရှိများနှင့် တွေ့ဆုံစဉ် ၁၉၅၈ ခုနှစ် ဩဂုတ်လက ထိုင်ဝမ်ထိန်းချုပ်သော ကင်မန်းကျွန်းနှင့် မတ်ဆုကျွန်းတို့ကို တရုတ်တို့၏ တစ်လကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုကို ပြန်လည်ခုခံကာကွယ်နိုင်ခဲ့သော ထိုင်ဝမ်၏ “စိတ်ဓာတ်၊ အားမာန်” ကို အမွှမ်းတင် ပြောဆိုခဲ့သည်။

“အဲဒီ တိုက်ပွဲက ကျွန်မတို့အတွက် ထိုင်ဝမ်ကို ကာကွယ်ခဲ့တာပါ။ ကိုယ့်နိုင်ငံကို ခုခံကာကွယ်ဖို့ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ် သန္နိဋ္ဌာန်ချထားမှုကို ဘယ်လို ခြိမ်းခြောက်မှုကမှ မလှုပ်ရမ်းနိုင်ဘူးဆိုတာကို ကမ္ဘာကို ကြေညာပြီးသား ဖြစ်ခဲ့ပါတယ်” ဟု ဆိုင်အင်ဝမ်က ပြောသည်။

“ထိုင်ဝမ်မှာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားမှုနဲ့ ပြင်ဆင်မှုတွေအပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတို့ ရှိနေတယ်ဆိုတာကို ရန်သူကို သဘောပေါက်နားလည်စေဖို့က ကျွန်မတို့ လုပ်ရမယ့်အရာဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“ထိုင်ဝမ်ကို ကျူးကျော်တာ ဒါမှမဟုတ် ထိုင်ဝမ်ကို ကျူးကျော်ဖို့ ကြိုးပမ်းတာအတွက်ကတော့ တန်ဖိုးကြီးကြီး ပေးဆပ်ရပါလိမ့်မယ်။ အဲဒါကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အပြင်းအထန် ရှုတ်ချပါလိမ့်မယ်” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly