ပါကစ္စတန်တွင် စစ်တပ်ကို ဝေဖန်သော ဂျာနယ်လစ်များ နှောင့်ယှက် တိုက်ခိုက်ခံနေရ

By ANI
23 August 2022
ပါကစ္စတန်တွင် စစ်တပ်ကို ဝေဖန်သော ဂျာနယ်လစ်များ နှောင့်ယှက် တိုက်ခိုက်ခံနေရ

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍအပေါ် ဝေဖန်ခဲ့ကြသည့် ဂျာနယ်လစ်များသည် နှောင့်ယှက် တိုက်ခိုက်ခံခဲ့ကြရသလို အစိုးရ၊ စစ်တပ်နှင့် ပတ်သက်သော အေဂျင်စီများ၏ တင်းကျပ်သည့် ထိန်းချုပ်မှုအောက်သို့ ကျရောက်ကြရသည်ဖြစ်ရာ အဆိုပါအခြေအနေက နိုင်ငံ၏ ဒီမိုကရေစီကို ထိခိုက်စေလျက် ရှိကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဖော်ပြထားသည်။

“ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ RSF က မှတ်တမ်းတင်ထားတဲ့ နှောင့်ယှက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အများအပြားမှာ တူညီတဲ့အချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အဲဒီလို နှောင့်ယှက် တိုက်ခိုက်ခံရတဲ့ ပါကစ္စတန် ဂျာနယ်လစ် အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းဆိုသလို ပါကစ္စတန်နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍအပေါ် ဝေဖန်ထားခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာပါပဲ” ဟု RSF ၏ အာရှပစိဖိတ် ဗျူရို အကြီးအကဲ ဒန်နီယယ် ဘတ်စတာ့ဒ်က ပြောသည်။

“စစ်တပ်ဟာ ဆန်းစစ်ဝေဖန်ရေးသားတဲ့ ဂျာနယ်လစ်တွေအပေါ် ခြိမ်းခြောက်ဖို့ အဓိက ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေခဲ့တယ် ဆိုတာကို ဒေတာအချက်အလက်တွေကနေ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဘယ်လိုမှ သည်းခံနိုင်စရာ မရှိတဲ့ ဒီလို စွက်ဖက်မှု ပုံစံမျိုးကို ချက်ချင်း ရပ်ဆိုင်းရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါအနေနဲ့ ပါကစ္စတန်မှာ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းမှုအတွက် တိုက်ရိုက် တာဝန်ခံရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် နိုင်ငံတကာ အကျိုးအမြတ် မယူသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းအချက်အလက် လွတ်လပ်စွာ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည် ဟု ထုတ်ဖော်ထားသည်။

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဖြုတ်ချခံရပြီး လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရ လက်ထက်တွင် စစ်တပ်နှင့် ပတ်သက်သည့် အေဂျင်စီများဘက်က ပါကစ္စတန် ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှုဖြစ်စဉ် ၉ ကြိမ်အထိ ရှိခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များသည် မီဒီယာကို နှောင့်ယှက်တိုက်ခိုက်လျက် ရှိရာတွင် ယင်းသည် ပါကစ္စတန်၏ ဒီမိုကရေစီအပေါ် အပြင်းအထန် ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း RSF က ပြောကြားခဲ့ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်မှုများနှင့်ပတ်သက်ပြီး သတိပေးသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required