ဖွဲ့စည်းပုံပြင်ရန် ပါကစ္စတန်အစိုးရက စီစဉ်နေခြင်းအပေါ် ကက်ရှ်မီးယား၌ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်နေ

By The Print
23 August 2022
ဖွဲ့စည်းပုံပြင်ရန် ပါကစ္စတန်အစိုးရက စီစဉ်နေခြင်းအပေါ် ကက်ရှ်မီးယား၌ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်နေ

ပါကစ္စတန်အစိုးရက ၁၅ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်ကို ဖော်ဆောင်ရန် စီစဉ်နေစဉ် ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသ၏ ခရိုင်များ၌ အစိုးရ၏ အဆိုပါ အစီအစဉ်အပေါ် ဆန့်ကျင်သည့် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက် ရှိသည်။

ပါကစ္စတန်အစိုးရ စီစဉ်နေသော ၁၅ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အရ PoK ဒေသအစိုးရ၏ ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဗဟိုအစိုးရထံ လွှဲပြောင်းပေးလိမ့်မည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

PoK ဒေသမှ ခရိုင် ၁၀ ခုစလုံးရှိ ပြည်သူများသည် အစိုးရ၏ လုပ်ဆောင်ချက်အပေါ် အမျက်ဒေါသထွက်လျက် ရှိသည်။ အဆိုပါ ဆန္ဒပြမှုများသည် PoK ၏ ဧရိယာများအနက် ရာဝါလာကော့တ်၊ ဘက်ဂ်၊ ပွန့်ချ်၊ မူဇာဖာရာဘတ်နှင့် နီးလမ် တောင်ကြားတို့တွင် အခြေအနေ ပိုမိုဆိုးဝါးလာနေခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ၁၅ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်ကို တင်သွင်းခြင်းအားဖြင့် ပါကစ္စတန်အစိုးရသည် PoK ဒေသ၏ သဘာဝရင်းမြစ်များကို ထိန်းချုပ်ရန် ရည်မှန်းနေခြင်း ဖြစ်ကြောင်း ဒေသမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရှာဘီအာ ချောက်ဟရီက များမကြာမီက ပြောသည်။ ထို့ပြင် ပါကစ္စတန် စစ်တပ်နှင့် နိုင်ငံ၏ အိမ်ခြံမြေ သူဌေးကြီးများက အရာအားလုံးကို ထိန်းချုပ်ထားသည့် ဖုံးကွယ်မထားသော ရန်စမှုနှင့် နယ်ချဲ့ဝါဒကို ဆန့်ကျင်ထုတ်ဖော်ကြရန် ချောက်ဟရီက PoK ဒေသခံပြည်သူများကို တိုက်တွန်းခဲ့သည်။ 

“ပါကစ္စတန်ဟာ ၁၉၄၇ ခုနှစ် အောက်တိုဘာမှာ စခဲ့တဲ့ နယ်ချဲ့၊ မဟာဗျူဟာ တိုက်ကွက်ကို အပြီးသတ် ချင်နေပါတယ်။ ဒီ နယ်ချဲ့ လုပ်ငန်းစဉ်က အစ္စလမ်ဘာသာကို အကြောင်းပြပြီး စတင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သားကောင်ဟာ အစ္စလမ္မစ် အထိအတွေ့နဲ့ အမဲဖျက်ခံရပါလိမ့်မယ်” ဟု ချောက်ဟရီက ပြောသည်။

ထို့ပြင် ပါကစ္စတန်သည် ယင်း၏ နယ်ချဲ့ လုပ်ငန်းစဉ်ကို ဖုံးကွယ်ပုံဖျက်ရန် အစ္စလမ်ဘာသာကို အသုံးပြုနေ သည်ဟု ၎င်းက ပြောသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နောက်ပိုင်း PoK ဒေသခံ ပြည်သူများသည် လွတ်လပ်မှုရှိသည် သို့မဟုတ် လွတ်မြောက်နေသည် ဆိုသည့် အစစ်အမှန် မဟုတ်သော အသိစိတ်ဖြင့် နေထိုင်နေကြရကြောင်း တက်ကြွလှုပ်ရှားသူက မှတ်ချက်ပြုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly