အမေရိကန်တစ်ဒေါ်လာ ၂,၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်

အမေရိကန်တစ်ဒေါ်လာ ၂,၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်

ဩဂုတ်လ ၂၃ ရက်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပတွင် ယနေ့ ဩဂုတ်လ ၂၃ရက်၌ ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၈၀၀ ကျပ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရာမှ တစ်ရက်အတွင်း ၂,၉၀၀ကျပ်သို့ မြင့်တက်ခဲ့ကြောင်း ပြင်ပဒေါ်လာဈေးကွက် အရောင်းအဝယ်ပြုလုပ်သူများထံမှ စုံစမ်းသိရှိရသည်။

" ပြီးခဲ့တဲ့ အပါတ်မှာ ၃,၀၀၀ အထိဈေးတက်ခဲ့ပြီးတော့ မနေ့က ဩဂုတ်လ ၂၂ရက်မှာ ၂,၈၀၀ ကနေ ဒီနေ့ ၂,၉၀၀ ဝန်းကျင်အထိ ဈေးတက်သွားတယ်၊ ထပ်တက်လာမလားဆိုတာ နောက်ရက်တွေစောင့်ကြည့်ရမှာပဲ" ဟု ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိဒေါ်လာဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်သာဖြစ်သော်လည်း အရောင်းအဝယ်မရှိသလောက် နည်းပါးကြောင်းလည်း ၎င်းကပြောသည်။

" နှစ်ပတ်လောက်ရှိပြီ၊ ဒေါ်လာအရောင်းအဝယ်အေးနေတယ်၊ တကယ်လိုအပ်လို့ အရောင်းအဝယ်လုပ်တဲ့သူပဲရှိတယ်၊ ဘာလို့လဲဆိုတော့ လူတွေက အခု စက်သုံးဆီဘက် အာရုံရောက်နေကြတယ်" ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly