ဒရုန်းတိုက်ခိုက်ရေးအတွက် ဗုံးသီး အလုံး ၅၀၀ ပရောဂျက်စတင်

ဒရုန်းတိုက်ခိုက်ရေးအတွက် ဗုံးသီး အလုံး ၅၀၀ ပရောဂျက်စတင်

ဩဂုတ်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF )၏ Technique & Drone Force အဖွဲ့မှ Drone တိုက်ခိုက်ရေးအတွက် လက်လုပ်ဗုံးသီး( AirBomb) အလုံး ၅၀၀ ပရောဂျက်ကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်ကြောင်း သိရသည်။

Drone တိုက်ခိုက်ရေးအတွက် စရိတ်သက်သာပြီး ထိခိုက်မှု တူညီသော လက်လုပ် Air bomb များ စမ်းသပ်ထုတ်လုပ်ပြီး စက်ရုံထုတ် ဗုံးသီး(အီနာဂါ၊ ၄၀ မမ) အစားထိုး အသုံးပြုသွားမည်ဖြစ်သောကြောင့် ထောက်ပို့ရဲဘော်အဖြစ် မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အနေဖြင့် ယခုကမ်ပိန်းတွင် အတူတကွပါဝင် တိုက်ပွဲဝင်ကြရန် တောင်းဆိုထားသည်။

''အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ မြေပြင်စိုးမိုးမှု အသာစီးရဖို့က ဒရုန်းက ကျွန်တော်တို့ ရဲဘော်တွေအတွက် အားအင်တစ်ခုပါပဲ။

ဒါကြောင့် “ကျနော်တို့နဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဖို့ ရှေ့တန်းထွက်တိုက်စရာမလိုပါဘူး ။ နောက်ကနေ ထောက်ပို့တပ်သားအဖြစ်ပါဝင်ရင်း လှူကြပါ ကူကြပါ “ လို့ မေတ္တာရပ်ခံရင်း…အရေးတော်ပုံမုချအောင်မြင်ရမည်''ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်လုပ် ဗုံးသီး Air bomb များကို ကလေးမြို့နယ် ရေရှင်ရွာ တိုက်ပွဲနှင့် သာယာကုန်းတိုက်ပွဲတွင် Droneဖြင့် ဗုံးချတိုက်ခိုက်မှုများအတွင်း အောင်မြင်ခဲ့သည်။ ထို့ကြောင့် ရှေ့ဆက် တိုက်ပွဲများတွင်လည်း Drone ဖြင့် လေကြောင်းစစ်ဆင်ရေး တိုက်ခိုက်မှုများ၌ ဗုံးသီးများစွာဖြင့် စစ်ရေးအရှိန်တိုးမြှင့်နိုင်ရန် ယခုကဲ့သို့ လက်လုပ် AirBomb ၅၀၀ တပ်ဆင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်ကြောင်း Kalay PDF Technique &Drone Force တာဝန်ရှိသူထံက သိရသည်။

စက်ရုံထုတ် ဗုံးသီး(အီနာဂါ၊ ၄၀ မမ)အီနာဂါ တစ်လုံးလျှင် မြန်မာကျပ်ငွေ ၂၅၀,၀၀၀ နှင့် ၃၀၀,၀၀၀ ကြား ရှိပြီး လက်လုပ်ဗုံးသီး တစ်လုံးလျှင် ၁၈,၃၀၀ ကျပ် ကုန်ကျမည်ဖြစ်၍ ဗုံးသီး အလုံး ၅၀၀ လျှင် ၉,၁၅၅,၅၀၀ ကျပ်ကုန်ကျမည်ဖြစ်ကြောင်း Kalay PDF Technique & Drone Force က အသိပေးထားသည်။

ဒရုန်းတိုက်ခိုက်ရေးအတွက် ဗုံးသီး အလုံး ၅၀၀ ကမ်ပိန်းအောင်မြင်ပါက ဗုံးသီးစမ်းသပ်ခဲ့မှု၊ လေ့ကျင့်ခဲ့မှု၊ စစ်ကောင်စီတပ်၏ Jummer များ၊ ရာသီဥတု အခက်အခဲများကြားမှ မစ်ရှင်ဆောင်ရွက်ဗုံးချမှု မှတ်တမ်းအချို့ကို ချပြပေးသွားမည်ဖြစ်ကြောင်းလည်း Kalay PDF Technique & Drone Force က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

ဒရုန်းတိုက်ခိုက်ရေးအတွက် ဗုံးသီး အလုံး ၅၀၀ ကမ်ပိန်းတွင် ပါဝင်ကူညီအားဖြည့်ပေးလိုကြသော မိဘပြည်သူများအနေဖြင့် Kalay PDF Technique &Drone Force ၏ Page,https://www.facebook.com/peoplesdefenc Messenger သို့သွားရောက်ဆက်သွယ်လှူဒါန်းနိုင်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly