ပြင်ပတွင် စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်ဈေးမြင့်တက်နေချိန် ရည်ညွှန်းဈေး ၄,၈၅၀ ကျပ် သတ်မှတ်

ပြင်ပတွင် စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်ဈေးမြင့်တက်နေချိန် ရည်ညွှန်းဈေး ၄,၈၅၀ ကျပ် သတ်မှတ်

ဩဂုတ်လ ၂၃ ရက်

စားအုန်းဆီ တစ်ပိဿာလျှင် ၄,၈၅၀ ကျပ် သို့ တိုးမြှင့်သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါ​က အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဆိုထားသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၄,၈၅၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် တစ်သောင်းကျော်ဖြင့် ဝယ်ယူနေရကြောင်း ရန်ကုန်မြို့ရှိ မဇ္ဈိမ​၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄,၈၅၀ ကျပ် သတ်မှတ်ထားကြောင်း အဆိုပါကော်မတီက ကြေညာထားသည်။

သို့သော် လက်လီဈေးကွက် အတွင်းရောင်းချနေသည့် စားအုန်းဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်မှ တစ်သောင်းကျော်အထိရှိနေကြောင်း သိရသည်။

" အပြင်မှာတော့ စားအုန်းဆီ တစ်ပိဿ ၁၀,၈၀၀ ကျပ်ပေးဝယ်နေရတယ်။ ဒါတောင်တချို့ဆိုင်တွေ စာအုန်းဆီဈေးအရမ်းကြီးလို့ မရောင်းကြတာရှိတယ်။ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်ထဲမှာ သူတို့သတ်မှတ်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာတွေရှိတယ်။ ဒါပေမယ့် တန်းစီပြီး ခွဲတမ်းနဲ့ပဲရောင်းပေးတာ။ ဆီကလည်း အလေးချိန်မပြည့်တဲ့အပြင် အရည်အသွေးညံ့တယ်" ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များနှင့် နယ်ဒေသများတွင် ရပ်ကွက်များအထိ ဩဂုတ်လ ၂၃ရက်တွင် စာအုန်းဆီ တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီ နှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့်တက်နေပြီး တချို့သောဒေသများတွင် စားသုံးဆီ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး လိုအပ်သည့်အရေအတွက်အလိုက် ဝယ်မရကြောင်း မဇ္ဈိမ​၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly