ကျိုက်လက်မြို့အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ကျိုက်လက်မြို့အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ဩဂုတ်လ ၂၃ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ယနေ့သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ကျိုက်လတ်မြို့အထွက်ရှိ လှည်းဆိပ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်များနှင့် ရဲများသည် ခရီးသွားပြည်သူများအား မတရားငွေကြေးတောင်းယူခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် အဖွဲ့ထံက သိရသည်။

"အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာပါ။ အထိအခိုက်ရှိ မရှိတော့ အတိအကျ မသိရသေးဘူး။ စိစစ်ပြီးမှ အတိအကျပြောလို့ရမယ်။ ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံး ဘေးကင်းပါတယ်" ဟု ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ကျိုက်လတ်မြို့ အဝင်အထွက်လမ်းများအား ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသခံများထံက သိရသည်။

လှည်းဆိပ်စစ်ဆေးရေးဂိတ်သည် ကျိုက်လတ်မြို့မှ မအူပင်မြို့သို့ သွားသည့် လမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly