ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ၍ လေကြောင်းပစ်ကူပါ ခေါ်ရ

ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ၍ လေကြောင်းပစ်ကူပါ ခေါ်ရ

ဩဂုတ်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများ၍ လေကြောင်းပစ်ကူပါခေါ်၍ ပြန်လည်တိုက်ခိုက်ရကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကသာမြို့ အရှေ့ဘက်ကမ်း ခုနစ်မိုင်အကွာ ဧရာဝတီမြစ်အနီးရှိ ဘန့်ဘွေးကုန်းကျေးရွာအတွင်း ရွာလည်နှင့်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား ၅၀ခန့်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၂၂ ရက် မနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိနာ၍ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ လေယာဉ်နှစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့က တစ်ခါတည်း ဝင်စီးဖို့သွားကြတာ၊ မြေပြင်သတင်းပို့တာက အဲ့ရွာမှာ တပ်စွဲထားတာ ၄၈ ယောက်လောက်ပဲ ရှိတယ်၊ ၃၀ကျော်လောက်သေတယ်၊ လေယာဉ်ပစ်ကူလာလို့ ပြန်ဆုတ်လိုက်ကြတာ၊ လေယာဉ်ရောက်လာတဲ့အချိန် ပစ်တဲ့အခါမှ ကျွန်တော်တို့ အဖွဲ့တွေက ပြန်ဆုတ်ပြီးနေပြီ၊ စစ်ခွေးတွေကိုတောင် ပြန်ထိနိုင်တယ် ” ဟု ကသာ ပကဖ၏ စစ်ရေးနှင့်အင်အား စုဆောင်းရေးတာဝန်ခံ ဗိုလ်ဂဠုန်က မဇ္ဈိမသို့ ပြောသည်။

ဂျက်ဖိုက်တာ လေယာဉ်များ မရောက်လာခင်အချိန်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကာသာမြို့ပေါ်ရှိ ခမရ(၃၀၉) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး စက်လှေဖြင့် စစ်ကူများပါ ရောက်ရှိလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲဲ့ရသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကသာမြို့နယ် ပကဖနှင့် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

" ဘန့်ဘွေးကုန်းက ရွာပျက်လိုဖြစ်နေတာ၊ ဧရာဝတီမြစ်ရေတိုးရင် ရေမြုပ်လို့ ရွာသားတော်တော်များများက တစ်ခြားကို ပြောင်းရွှေ့နေတာများတယ်၊ အရင်ကတော့ အိမ်ခြေ ၅၀လောက်ရှိတယ်၊ အခုတော့ နေတဲ့သူ မရှိသလောက်ပဲ" ဟု ဗိုလ်ဂဠုန်က ပြောသည်။

ဘန့်ဘွေးကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ရောက်ရှိလာကာ လက်ရှိအချိန်ထိ တပ်စွဲထားခြင်းဖြစ်သည်။

သြဂုတ်လ ၁၈ ရက်ကလည်း ကသာမြို့ကသာမြို့၏မြောက်ဘက် ခြောက်မိုင်အကွာရှိ နကူးရွာ အနီး ဧရာဝတီမြစ်အတွင်း၌ စစ်ကောင်စီတပ်မှ ရိက္ခာတင်သင်္ဘောနှင့် သံခွန်ခြောက်စီးကို လျှော့တိုက်ဒုံး များ၊ လျှော့တိုက်ပြောင်းများဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly