မကွေးတိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးသေ ဟုဆို

မကွေးတိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးသေ ဟုဆို

ဩဂုတ်လ ၂၃ ရက်

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်တောင်ပိုင်းသို့ စစ်ချီလာသော စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG မှ ယမန်နေ့ ဩဂုတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၈နာရီကျော်တွင် အင်အား ၆၀ကျော်ဖြင့် ချီတက်လာသော စစ်ကြောင်းအား ရှောက်ပင်(အောင်မြင်) ရွာနှင့် လုံခြုံရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲအား CDF – KKG တပ်ရင်း (၆) ၊ CDF – Zotong ၊ နဂါးညီနောင် ၊ YPDF ၊ YDF ၊ နပတ ၊ PDF – Gangaw တောင်ပိုင်း တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ ရဲဘော်နှစ်ဦးလက်တွင် ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူပိုင် နွားလေးကောင်ကို ပစ်သတ်သွားခဲ့ပြီး ရှောက်ပင်ရွာမှ လူနေအိမ်သုံးလုံးအား မီးတင်ရှို့ခဲ့ရာ ကာကွယ်ရေးရဲဘော်များမှ အချိန်မီ ငြိမ်းသတ်နိုင်သော်လည်း ဆုံးရှုံးမှုအချို့ရှိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရှောက်ပင်ရွာမှ မိန်းကလေးများအား ဖမ်းဆီးခေါ် ဆောင်ကာ ရှောက်ပင်ရွာနှင့် ပျားရွာ အကြားရှိ တံတားကို ဖြတ်သန်းချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၂ရက် နံနက် ၇နာရီ ၃၀မိနစ်အချိန်က ဂန့်ဂေါ-လောင်ထောင် တံတားထိပ်တွင် စစ်ကောင်စီတပ်က အင်အား ၅၀ခန့် ချထားပြီး ပျားရွာ ၊ အောင်မြင်ရွာ ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် မိဘပြည်သူများ ဘေးလွတ်ရာသို့ အမြန်ရွှေ့ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါတောင်ပိုင်း)မှ သတိပေးချက် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly