တရုတ် စစ်ရေးလေ့ကျင့်မှုပြီးနောက် အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ထိုင်ဝမ်သို့ လာရောက် 

တရုတ် စစ်ရေးလေ့ကျင့်မှုပြီးနောက် အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ထိုင်ဝမ်သို့ လာရောက် 

ဩဂုတ်လ ၂၂ ရက်

ကိုယ်ပိုင်အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းအား တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများ နောက်၌ ထောက်ခံခြင်းကို ပြသသည့်အနေဖြင့် အမေရိကန်သည် ထိုင်ဝမ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ထိုင်ဝမ်သမ္မတနှင့် တနင်္လာနေ့တွင် တွေ့ဆုံသည်။ 

အင်ဒီယာနာပြည်နယ်၏ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး အဲရစ် ဟိုကွန်းက “စီးပွားရေး ဖွံ့ဖြိုးမှု ခရီးစဉ်” တစ်ရပ်အတွက် ထိုင်ဝမ်ဆီ တနင်္ဂနွေနေ့က ရောက်ရှိခြင်း ဖြစ်သည်။ 

ယခုလ အစောပိုင်းက ထိုင်ဝမ်ဆီ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ လာရောက်ခြင်းအတွက် တရုတ်က လက်တုံ့ပြန်ပြီး အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ချိန်မှစကာ အမေရိကန်-တရုတ် တင်းမာမှုများ မြင့်တက်နေခဲ့သည်။ 

ဒီမိုကရေစီ ထိုင်ဝမ်ကျွန်းသည် တရုတ်က ၎င်းပိုင်အဖြစ် အတည်ပြုပြီး လိုအပ်လျှင် အင်အားသုံးမည်ဟု ဆိုထားကြာ ကျူးကျော်မှု အတောမသတ်သည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထိုင်ဝမ်၏ တရားဝင်ဖြစ်ခြင်းကို ဖော်ဆောင်နိုင်မည့် မည်သည့် သံတမန်ရေး လုပ်ဆောင်ချက်ကိုမဆို တရုတ်က ပယ်ချပြီး အနောက်တာဝန်ရှိသူများနှင့် နိုင်ငံရေးသမား လာရောက်ခြင်းကိုလည်း စိတ်ဆိုးဒေါသဖြင့် တုံ့ပြန်သည်။ 

ဟိုကွန်းနှင့် တွေ့ဆုံမှု၌ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို တိုက်ရိုက်ရည်ညွှန်းဆိုပြီး ထိုင်ဝမ်ကို ဆက်လက်ထောက်ပံ့သွားရန် တိုက်တွန်းပြောဆိုသည်။ 

“လက်ရှိမှာ ကျွန်မတို့ဟာ ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်စနစ် ဆက်လက်ကြီးထွားနေမှုနဲ့ ရင်ဆိုင်နေရတယ်”ဟု ၎င်းက ပြောသည်။ 

“ထိုင်ဝမ်ရေလက်ကြား အတွင်းအပြင်မှာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ထိုင်ဝမ်က ထိပ်တိုက်ဆိုင်နေရတယ်၊ ခုချိန်မှာ ဒီမိုကရေစီ မဟာမိတ်တွေအနေနဲ့ အတူရပ်တည်ရမှာ ဖြစ်ပြီး နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

အမေရိကန်နှင့် ထိုင်ဝမ်တို့သည် ဘုံတန်ဖိုးနှင့် အကျိုးစီးပွားအပြင် များစွာသော ရည်မှန်းချက်များတွင် သဘောထား တိုက်ဆိုင်မှု ရှိသည်”ဟု ဟိုကွန်းက ပြောသည်. 

“ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့နဲ့ မဟာဗျူဟာ မိတ်ဖက်ပြုမှု တည်ဆောက်ရေးကို ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly